class="post-thumbnail open-lightbox" href>
ကလေးကို နှာခေါင်းက အသက်ရှူကျင့် လေ့ကျင့်ပေးပါ
နှာခေါင်းဟာ အသက်ရှူထုတ်ဖို့ ၊ အနံ့ခံဖို့ အလုပ်ကိုလုပ်ပြီး ခံတွင်းကတော့ အရသာခံခြင်း ၊ အစာစားခြင်း ၊ စကားပြောခြင်းတွေကို လုပ်ပါတယ်။ ဒါပေမယ့် မွေးကင်းစအရွယ်ကနေ ပါးစပ်နဲ့ အသက်ရှူတတ်တဲ့ ကလေးရဲ့ အကျင့်ကို မိဘအုပ်ထိန်းသူက သတိထားပြီး မပြင်ပေးတဲ့အခါမှာ ကလေးသိတတ်နားလည်လာလို့ ကိုယ်တိုင်သတိထားမိတဲ့အရွယ်ရောက်ရင် ပြင်ဖို့ နောက်ကျကောင်း နောက်ကျသွားပြီး ပါးစပ်နဲ့ အသက်ရှူတာ အကျင့်စွဲလာကာ အဲဒီအကျင့်ဟာ သေရာပါဖြစ်သွားနိုင်ပါတယ်။
ကျွန်မမိခင်ဟာ ယခု အသက်(၇၅)နှစ်ရှိပြီဖြစ်ပေမယ့် နှာခေါင်းနဲ့ အသက်ရှူကျင့် သိတတ်စကတည်းက မရှိလာတာ သတိပြုမိပြီး ယခုချိန်အထိ ဘယ်လိုပြင်ပြင် ပြင်မရတော့ပါဘူး။ ဒါကြောင့် မိဘတွေက ကလေးမွေးကင်းစကတည်းက ပါးစပ်ကလေးဟပြီး ကလေးအသက်ရှူနေတဲ့အခါမှာ ပါးစပ်ကို သတိထားပြီး စေ့ပေးကျင့် ၊ မေးစေ့အောက်ကနေ လက်နဲ့ထိန်းပိတ်ပေးပြီး ကလေးကို နှာခေါင်းက အသက်ရှူတဲ့အကျင့် လုပ်ပေးရမှာဖြစ်ပါတယ်။
နှာခေါင်းဟာ အသက်ရှူဖို့ သီးသန့်အင်္ဂါရပ်ဖြစ်တာကြောင့် ဖုန်တွေ ၊ အမှုန်တွေကို စစ်ထုတ်နိုင်ဖို့ အမွှေးတွေက နှာခေါင်းအတွင်းမှာ သဘာဝအလျောက်ရှိနေပါတယ်။
ပါးစပ်မှာကျတော့ ဒီလိုမျိုး ဖုန်တွေကို စစ်ပေးဖို့ မစွမ်းဆောင်နိုင်ပါဘူး။ ဒီတော့ ပါးစပ်နဲ့ အသက်ရှူကျင့် စွဲလာတဲ့သူတွေဟာ ခံတွင်းခြောက်သွေ့ပြီး လည်ချောင်း ကူးစက်ရောဂါတွေ ရရှိနိုင်ပါတယ်။ ဒီလိုဖြစ်လာတဲ့အခါမှာ ကလေးဟာ အအေးမိတာတွေ မကြာခဏဖြစ်လာနိုင်ပါတယ်။ ဒီလိုတွေ မဖြစ်လာဖို့ ကလေးတွေကို ချိုလိမ်လို့ခေါ်တဲ့ (paqcifier) နဲ့ ပါးစပ်ကို ပိတ်ထားပြီး နှာခေါင်းက အသက်ရှူကျင့် လုပ်တာဖြစ်ပါတယ်။
ဘယ်လိုပဲ ချိုလိမ်သုံးပါစေ ကလေးဟာ အစာစစားစ ၊ စကားစပြောစအချိန်မှာတော့ လူကြီးက သတိမထားမိရင် ပါးစပ်ကနေပြီး အသက်ရှူနေဦးမှာဖြစ်ပါတယ်။ ချိုလိမ်ဟာ ကလေးပါးစပ်ထဲ ထည့်ထားချိန် များလာတဲ့အခါမှာ ကလေးဟာ အကျင့်ဖြစ်လာပြီး ဒီချိုလိမ်ကိုမှ မစုပ်ရရင် အထီးကျန်သလို ၊ မနေတတ်သလို ဖြစ်လာတဲ့အတွက် ကလေးသိတတ် နားလည်လာတဲ့အခါမှာ ချိုလိမ်ဖြတ်ဖို့ အချိန်တော်တော် ယူကြရတာလည်း တွေ့ရှိရပါတယ်။
နောက်ဆုံးလေ့လာတွေ့ရှိချက်တွေမှာ ချိုလိမ်သုံးတဲ့ ကလေးအများစုဟာ ၎င်းတို့ရဲ့ ပျော်ရွှင်မှု ၊ ဝမ်းနည်းမှု (ရယ်ပြုံးခြင်း ၊ အော်ဟစ်ငိုကြွေးခြင်း ) ၊ ဆန္ဒတွေကို ဖော်ထုတ်ခွင့် အခွင့်အရေး ပိုမိုနည်းပါးလှတဲ့အတွက် ချိုလိမ်မသုံးခဲ့တဲ့ ကလေးတွေနဲ့စာရင် မထုံတက်တေးလေးတွေလို တက်ကြွမှု သိပ်မရှိတော့ဘူးလို့ တွေ့ရှိရပါတယ်။
ချိုလိမ်ဟာ မွေးကင်းစအရွယ်ကနေ စသုံးလို့ရတယ်လို့ ဆိုပေမယ့် လူကြီးတွေဟာ သူ့ကို ချိုလိမ်တစ်ခုနဲ့ အချိန်ဘယ်လောက်အထိ အထီးကျန်စေသလဲ အပေါ်မှာလည်း မူတည်လို့ နေပါတယ်။ အထီးကျန်ပြီး ချိုလိမ်အဖော်ပြုရတဲ့အချိန်များလေ ကလေးတွေဟာ ခံစားမှုကို ပြလေ့မရှိတဲ့ မထုံတက်တေးလေးတွေ ဖြစ်လာလေပါ။
ပါးစပ်ကို သတိထားပိတ်ပြီး နှာခေါင်းက အသက်ရှူကျင့် မလုပ်ပေးနိုင်တဲ့ မိခင်တွေဟာ ကလေးကို ချိုလိမ်သုံးနိုင်ပေမယ့် ကလေးရဲ့ ခံစားမှုကို မျက်လုံးကတဆင့် ဖတ်တတ်အောင် ၊ ကလေးကို အထီးကျန်ဖြစ်မနေအောင် ၊ ချိုလိမ်နဲ့ အဖော်ပြုနေရသူ မဖြစ်အောင် သတိထားရမှာပါ။ မိမိခံစားမှုကို ငယ်စဉ်ကတည်းက ဖော်ပြ ၊ ပြောဆိုနိုင်ခွင့်ရှိပါမှ ကလေးငယ်တွေဟာ မျှတမှု ၊ တက်ကြွမှု ၊ ယုံကြည်မှုတွေကို ခံစားရမှာဖြစ်ပါတယ်။