class="post-thumbnail open-lightbox" href>
ရေမြင့်မှကြာတင့်တယ်
ရေပြင်မှာ ကြာပန်းလေး လှပတင့်တယ်နေရင် လှိုင်းကြက်ခွပ်လေးတွေနဲ့ ပနာရစရာပါ။ ဒါပေမယ့် ရေမြင့်မှ ကြာတင့်နိုင်မယ် မဟုတ်လား။ လူ့ဘဝမှာလည်း မြင့်မားတဲ့အဆင့်အတန်းမှာ ရေရှည်ရပ်တည်လိုတယ်ဆိုရင် မိမိကိုယ်တိုင် အရည်အချင်းကို မြှင့်တင်ထားရပါမယ်။ အရည်အချင်းမရှိဘဲ အပေါ်ရောက်လာရင် တာရှည်မခံပါဘူး။ ကိုယ်နဲ့တန်တဲ့နေရာကိုပဲ ပြန်ဆင်းပေးရတာဖြစ်ပါတယ်။
အဲဒီနေရာအတင်းဆုပ်ကိုင်ထားနိုင်တဲ့ သူတွေကျတော့ အရည်အချင်းမရှိပေမယ့် နေရာမြဲကောင်း မြဲနိုင်ပါတယ်။ ဒါပေမယ့် ကိုယ့်အရည်အချင်းကို ကိုယ်သာအသိဆုံးမို့ မိမိကိုယ်ကို ယုံကြည်မှုမရှိသူတစ်ယောက် ဖြစ်နေမှာပါ။ အရည်အချင်းအလိုက် ဦးနှောက်သုံး ဆုံးဖြတ်ရမယ့်နေရာရောက်ရင် မှန်ကန်တဲ့ဆုံးဖြတ်ချက်ချဖို့ သူများကို အားကိုးနေရမှာဖြစ်ပြီး ကိုယ်တိုင်ဆုံးဖြတ်ချက်ချခဲ့ရင်ဖြင့် မပြည့်မီတဲ့ ကိုယ့်အရည်အချင်းကြောင့် ဆုံးဖြတ်ချက်တွေ မှားယွင်းနေနိုင်ပါတယ်။
ကြာပန်းကို မိန်းကလေးဘဝနဲ့ တင်စားရင် ဒီကြာပန်းလှဖို့ ရေမြင့်ရမယ်ဆိုတဲ့အခါ ပြည့်စုံချမ်းသာတဲ့သူကို လက်ထပ်ပေါင်းသင်းရမယ်လို့ တလွဲပြေးမြင်လိုက်တော့တာပဲ။ ရုပ်ပြလှတဲ့မိန်းကလေးတွေဟာ ပြည့်စုံချမ်းသာတဲ့သူကို လက်ထပ်လို့ သူ့ငွေကြေးဂုဏ်ဒြပ်တွေနဲ့ ပြည့်စုံလာသလို ထင်ရပေမယ့် တကယ်တော့ ပျော်ရွှင်ကျေနပ်စရာကောင်းတဲ့ အိမ်ထောင်ရေးသာယာမှုကို ရေရှည်မထိန်းသိမ်းနိုင်ပါဘူး။ အစကတည်းက ရုပ်ကလေးပြပြီး ထူထောင်ထားခဲ့တဲ့အိမ်ထောင်ရေးမှာ ကိုယ်ပိုင်အရည်အချင်းဆိုတာကို ထပ်မံဖြည့်စွက်မထားရင် ရေမရှိတော့တဲ့အခါ ဒီကြာပန်းရဲ့ရလဒ်ဟာ ဘယ်လိုရှိနိုင်မလဲ။
ရုပ်ဆိုတာ အသက်အလိုက် တနေ့ထက်တနေ့ အိုသွားတာမို့ မအိုခင် အကြောင်းကြောင်းကြောင့် ဒီရုပ်က မလှတော့ရင် ၊ အိုလာလို့ မလှတော့ရင် ၊ ကိုယ့်ထက်လှတဲ့သူကို ကိုယ့်အမျိုးသားက တွေ့ဆုံခဲ့ရင် ရုပ်ပြလှလို့ ဒီနေရာရောက်လာခဲ့တဲ့ ကိုယ့်အနာဂါတ်ဟာ ဆက်လှနိုင်ပါတော့မလား။ ဘယ်အရာမှ မတည်မြဲဘူးဆိုတဲ့စကားဟာ မှန်သလို ရုပ်အလှဟာ တည်မြဲတတ်တဲ့အရာမဟုတ်ပါဘူး။ စိတ်အလှရှိတာကောင်းပါတယ်။ စိတ်အလှဟာ ရှားပါးတဲ့ အရည်အချင်းတမျိုးဆိုပေမယ့် ကိုယ့်ဝမ်းကိုယ်ကျောင်းနိုင်တဲ့ အရည်အချင်းဆိုတာလည်း လိုအပ်ပါသေးတယ်။ အကြောင်းကြောင်းကြောင့် ဒီအမြင့်နေရာက ပြုတ်ကျခဲ့ရင် ပစ်တိုင်းထောင်လို ပြန်မတ် ၊ ပြန်ထောင်နိုင်တဲ့ ဘဝအတွက် ကိုယ်ပိုင်အရည်အချင်း ရှိထားရပါမယ်။
လက်ရှိပစ္စုပ္ပန်ကိုလည်း တန်ဖိုးထား ၊ နောင်အနာဂါတ်အတွက်လည်း မိမိအရည်အချင်း ပြည့်သထက်ပြည့်မီအောင် ကြိုးစားပါရင် ဘယ်လို အလှည့်အပြောင်းလာလာ ဘဝမှာ အလံမလဲ ၊ မဗေဒါက ပန်းပန်မြဲပါ။
ကျွန်မရေးတဲ့စာတွေဟာ အမျိုးသမီးတွေကို စိတ်ဓါတ်မြှင့်တင်ပေးတာ ၊ ဘဝမှာ အရွေးမမှားရအောင် ၊ ရရှိထားတဲ့ အိမ်ထောင်ရေးကို ပျော်ရွှင်တဲ့အိမ်ထောင်အဖြစ် ပြောင်းလဲပြုပြင်နိုင်အောင် ၊ ရည်ရွယ်ထားတဲ့ အိမ်ထောင်ရေးကို ခြေလှမ်းမကျွံခင် သတိရှိနေနိုင်အောင် ၊ အောင်မြင်ပျော်ရွှင်တဲ့ အိမ်ထောင်ရေးကနေ အောင်မြင်သာယာတဲ့ မိသားစုဘဝကလေး ဖန်တီးနိုင်အောင် ၊ မပျော်ရွှင်တဲ့ အိမ်ထောင်ရေးကြောင့် အမျိုးသမီးတွေ စိတ်ဆင်းရဲတာ ၊ စိတ်ဓါတ်ကျတာတွေနဲ့ ကိုယ့်အချိန်တွေ ၊ တန်ဖိုးရှိတဲ့ဘဝကို မဖြုန်းတီးလိုက်ဘဲ ကိုယ့်အရည်အချင်းကို မြင့်သထက် မြှင့်တင်နိုင်အောင် ရေးသားနေတာဖြစ်ပါတယ်။ ကျွန်မရဲ့ ခံယူချက်ကတော့ မနက်ဖန်တိုင်းမှာ ပျော်ရွှင်ခွင့်ရှိနေပြီး ကိုယ့်မနက်ဖန်ကို ကိုယ်သာ ဆုံးဖြတ်ခွင့် ၊ ဖန်တီးယူခွင့်ရှိတာပါ။
လက်ရှိအခြေအနေမှာလည်းမပျော် ၊ ကောင်းတဲ့အခြေအနေကိုလည်း အားထုတ် မပြောင်းလဲချင် ၊ ဘေးထိုင်ဘုပြော ၊ ဘဝကို စိတ်ပျက် အားလျော့ပြီး ကိုယ့်အိမ်ထောင်မကောင်းကြောင်း ၊ ကိုယ့်ခင်ပွန်းမကောင်းကြောင်း စတဲ့ ကိုယ့်ခံစားချက်ကို ရှေ့တန်းတင်ပြီး ဘဝကိုမျှောနေတဲ့သူတွေအတွက် ကျွန်မရေးတဲ့စာတွေက အကျိုးဖြစ်စေမှာမဟုတ်ပါဘူး။ မိမိကိုယ်တိုင် မပြောင်းလဲချင်သရွေ့ ဘယ်သူမှ မိမိကို ပြောင်းလဲလို့မရဘူး မဟုတ်လား။
အရပ်ဒေသအသီးသီးမှာ အမျိုးကောင်းသားတွေရှိတယ် ၊ ယောကျာ်းကောင်းတွေရှိတယ် ၊ ခင်ပွန်းကောင်းတွေရှိတယ် ၊ ဖခင်ကောင်းတွေရှိပါတယ်။ သူတို့တွေနဲ့ ကိုယ်မဆုံခဲ့တာက သူတို့တွေကလည်း ဇနီးကောင်းကို ရှာယူခဲ့ကြလို့ပါ။ အရည်အချင်းရှိတဲ့သူတွေဟာ အရည်အချင်းရှိတဲ့သူတွေကိုပဲ ရယူလိုကြတယ်။ အနည်းဆုံးတော့ အိမ်ထောင်တစ်ခု ပိုင်ပိုင်နိုင်နိုင် ထိန်းသိမ်းနိုင်တဲ့ အရည်အချင်း ၊ သားသမီးကို ပိုင်ပိုင်နိုင်နိုင် ထိန်းသိမ်းနိုင်တဲ့ အရည်အချင်းကို သူတို့လိုချင်ကြပါတယ်။ ဒီအရည်အချင်းတကယ်ပြည့်မီနေတဲ့သူကို ခင်ပွန်းကောင်းတွေက မပစ်သွားပါဘူး။ ပစ်သွားတယ်ဆို ခင်ပွန်းကောင်း မဟုတ်လို့ပေါ့။ ရှင်းနေတာပဲနော်။ သူပစ်သွားလဲ ကိုယ်ပိုင်အရည်အချင်းရှိတဲ့မိန်းမဟာ ဘဝမှာ အောက်မကျပါဘူး။ ခင်ပွန်းနဲ့ ကွဲသွားပေမယ့် ၊ ခင်ပွန်းဆုံးသွားပေမယ့် သားသမီးပိုက်လို့ ဘဝကို ရင်ဆိုင်နေတဲ့ စံပြမိခင်တွေ ဒုနဲ့ဒေးပဲလေ။ သတိထားမိရင် လူတန်းစားအမျိုးမျိုးမှာ မြင်တွေ့နေနိုင်ပါတယ်။
ဘဝကို ပေါ့ပေါ့လေးဖြတ်သန်းပြီး သားကျွေးမှု ၊ မယားကျွေးမှု ၊ အိမ်ထောင့်တာဝန်ကို ခေါင်းရှောင်လိုတဲ့ အမျိုးသားတွေကလည်း ကျွန်မစာတွေကို မျက်စိစပါးမွှေး စူးနေမှာပါ။ ဘာဖြစ်လို့လဲဆိုရင် သူတို့ဟာ ပျော်ရွှင်သာယာတဲ့အိမ်ထောင်ရေးဆိုတာကို ပြောင်းလဲပြုပြင် ထူထောင်လိုသူတွေ မဟုတ်လို့ပါပဲ။ အိမ်ထောင်တခုမှာ အိမ်ထောင်ဦးစီးမပါဘဲ ပျော်ရွှင်သာယာတဲ့ အိမ်ထောင်ရေး တည်ဆောက်လို့ ရကောင်းရနိုင်ပါတယ်။ တခြမ်းပဲ့မိသားစုတော့ ဖြစ်နေမှာပေါ့နော်။ သားသမီးတွေမှာလည်း ဖခင်မေတ္တာဆိုတာကို မခံစားရလို့ နှလုံးသား တဖက်လပ်နေနိုင်ပါတယ်။ ဒါပေမယ့် အဖေဆိုးဆိုးတစ်ယောက်ရဲ့ နေ့တဓူဝ ရိုက်နှက်ညှဉ်းဆဲ ဆူပူခံပြီး စိတ်ဒဏ်ရာနဲ့ ကြီးပြင်းလာရတာတို့ ၊ နေ့တဓူဝ ရန်ဖြစ် သွေးထွက်သံယိုဖြစ်လို့ ဇနီးဖြစ်သူရဲ့ နှလုံးသားနဲ့ ခံစားချက်တွေ နာကျင်ရတာထက်စာရင် တဖက်လပ်ပျော်ရွှင်မှုနဲ့ တခြမ်းပဲ့သာယာမှုလေးက ပိုလို့ ဘဝအဓိပ္ပါယ် ပြည့်စုံစေတယ်မဟုတ်လား။
ဒီတော့ မိမိကိုယ်ကို အရည်အချင်းပြည့်မီအောင် မကြိုးစားလိုဘဲ အိမ်ထောင့်မကောင်းကြောင်း ၊ ယောကျာ်းမကောင်းကြောင်း ၊ ဘဝကံဆိုးကြောင်းတွေကိုပဲ ထပ်ခါတလဲလဲ ပြောဆိုချင်တဲ့ အမျိုးသမီးတွေနဲ့ (အလားတူ) အိမ်ထောင်တခုကို ဖြစ်ဖြစ်မြောက်မြောက် သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးဖြစ်အောင် ဦးဆောင်ဖို့ အရည်အချင်းမရှိတဲ့ အမျိုးသားတွေဟာ ကျွန်မရေးတဲ့စာတွေနဲ့ ဓါတ်မတည့်ပါဘူး။ ကျွန်မစာတွေဟာ သူတို့အတွက် ဓါတ်စာမဟုတ်ဘဲ သဘောမတူစရာ ၊ အငြင်းပွားစရာ ၊ လက်မခံနိုင်စရာ ဖြစ်လို့နေမှာပါ။ သူတို့ရွေးချယ်မှုက ကျွန်မခံယူချက်နဲ့ တခြားစီပဲကိုး။
အိမ်ထောင်ထူထောင်ထားသူတိုင်းက ပျော်ရွှင်သာယာတဲ့ အိမ်ထောင်ရေးဖြစ်ချင်ကြတယ်။ ဘာဖြစ်လို့ မဖြစ်ကြသလဲ ဘက်ညီသူတွေ မဟုတ်လို့ပါ။ အိမ်ထောင်တစ်ခု ဖြစ်ပေါ်လာဖို့ အမျိုးသား နဲ့ အမျိုးသမီး လိုအပ်ပြီး သာယာတဲ့ အိမ်ထောင်တစ်ခု ဖြစ်တည်ဖို့ဆိုတာမှာလည်း ခင်ပွန်းကော ဇနီးပါ ဘက်ညီဖို့ လိုအပ်လို့နေပါတယ်။
တစ်ဦးက တစ်ဦးနဲ့ မကိုက်ညီဘူးဆိုရင် ၊ ဘက်မညီဘူးဆိုရင် ၊ တစ်ယောက်ရွဲ့လို့ နောက်တစ်ယောက်က လိုက်ရွဲ့ရင် ဒီအိမ်ထောင်ရေးဟာ သာယာမှု ဆိတ်သုဉ်းလို့နေမှာပါ။ တပါးသူကြောင့် ကိုယ့်ဘဝကိုယ်ရွဲ့ရင်း ရှေ့ဆက်သွားမလား ၊ ကိုယ့်အနာဂါတ်ကို ကိုယ်လိုချင်တဲ့ပုံမှန်အတိုင်း ပြန်တည့်မတ်မလားဆိုတာလည်း လူတစ်ဦးချင်းစီရဲ့ ခံယူမှုနဲ့ ဆုံးဖြတ်ချက်အပေါ်မှာ မူတည်နေပါတယ်။ အကြောင်းကြောင့် အကျိုးဖြစ်ပြီး လုပ်ရပ်ကြောင့် ရလဒ်တွေ ထွက်ပေါ်လာခဲ့တာပါ။ အကြောင်းကောင်းလို့ အကျိုးထူးပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
ရတု (Burmesehearts.com)