လူကြီးတွေဆီက ကလေးသူငယ်တွေ လွဲမှားစွာသင်ယူသွားခဲ့သည့်အရာများ

0

ကလေးတွေဟာ နေ့တဓူဝ သူတို့မြင်တွေ့ ၊ ကြားသိနေရတာတွေကို အသံတိတ် သင်ယူနေပါတယ်။
ကလေးတွေဟာ နေ့တဓူဝ သူတို့မြင်တွေ့ ၊ ကြားသိနေရတာတွေကို အသံတိတ် သင်ယူနေပါတယ်။

မိဘတွေအများစုက သားသမီးကို အကောင်းဆုံးအရာတွေကို ပေးလိုကြပါတယ်။ ဖူးဖူးမှုတ် ၊ သည်းသည်းလှုပ် ချစ်ရတဲ့ သားသမီးတွေဆိုရင် ကိုယ်နိုင်တာ ၊ မနိုင်တာ ပဓါနမထားဘဲ သားသမီးအတွက် ဖြည့်ဆည်းပေးချင်ကြတယ် ၊ ကာကွယ်ပေးချင်ကြတယ် ၊ လမ်းပြပေးချင်ကြတယ်။ ဒါကိုက မိဘမေတ္တာ တစိတ်တပိုင်းပေါ့။

ကိုယ်ကတော့ အကောင်းဆုံးလုပ်ပေးလိုက်တာပါပဲ။ ဒါပေမယ့် သားသမီးတွေက ကိုယ့်ဆီကနေ ကိုယ်မထင်မှတ်ဘဲ လွဲမှားစွာ သင်ယူသွားခဲ့တာတွေ အမြောက်အမြား ရှိနေပါတယ်။ တခါတလေမှာ ကလေးကိုယ့်ဆီက သင်ယူခဲ့မှန်း မသိလိုက်နိုင်အောင် ကိုယ့်ရဲ့ပြုမူပြောဆိုလုပ်ကိုင်မှုတွေကို သတိမထားမိတာတွေလည်း ရှိနေပါတယ်။ ဒီလိုပြောလို့ ကျွန်မဟာ အရာရာ ပြီးပြည့်စုံနေတဲ့ မိခင်လားလို့ မေးစရာရှိပါတယ်။ အပြစ်ပြောစရာမရှိအောင် စင်းလုံးချော အပြစ်ကင်းသူရယ်လို့ လောကမှာ မရှိသေးပါဘူး။ ဒါပေမယ့် အမှားနည်းသထက်နည်းအောင် ကြိုးစားနေထိုင်သူတွေထဲမှာ ကျွန်မလည်း တစ်ယောက်အပါအဝင်ပေါ့။

ကလေးတစ်ယောက်ကို စိတ်ရော ၊ ကိုယ်ပါ ကြံ့ခိုင်ပျော်ရွှင်ပြီး ယုံကြည်ချက်ရှိတဲ့ ကလေးတစ်ယောက်အဖြစ် ကြီးပြင်းလာတဲ့အထိ ပံ့ပိုးပေးဖို့ဆိုတာ မလွယ်ပါဘူး။ လေးလေးနက်နက်တွေးလေ ကျယ်ပြန့်လေပဲပေါ့။ ဒါကို နားလည်သဘောပေါက်ထားတဲ့ ကျွန်မဟာ အိမ်ထောင်သက် ငါးနှစ်အတွင်းမှာ ငွေကြေးပိုင်းဆိုင်ရာနဲ့ အိမ်ထောင်ရေးခိုင်မြဲမှု အခိုင်အမာ တည်ဆောက်ပြီးပါမှ ၊ အခက်အခဲအထွေထွေကို နှစ်ဦးသဘောတူ ဖြေရှင်းကျင့်ရှိပါမှ ၊ နားလည်ညှိနှိုင်းမှုတွေ အထာကျပါမှ ၊  ကလေးတာဝန်ခွဲဝေမှုဆိုတာကို နှစ်ဦးသဘောတူညီချက်ရယူခဲ့ပြီး ကလေးကို ဘယ်လိုသွန်သင်ဆုံးမမယ်ဆိုတာကိုပါ ဆွေးနွေးခဲ့ပါတယ်။ ဒါတွေအားလုံး စိတ်တိုင်းကျပြီဆိုမှ ကိုယ်ဝန်ယူခဲ့တာပါ။ ဆိုရရင် အစီအစဉ်ဆွဲပြီး အတော်သေချာနေပြီ ၊ ကလေးတာဝန်ယူဖို့ နှစ်ယောက်လုံး အသင့်ဖြစ်ပြီဆိုမှ ကလေးယူခဲ့တာပေါ့။

ကလေးယူမယ်လို့ ဆုံးဖြတ်လိုက်ကတည်းက ကလေးတစ်ယောက်ကို အကောင်းဆုံး ဘယ်လိုထိန်းကျောင်းသွန်သင်ရမယ် ၊ ယုံကြည်ချက်ရှိအောင် ဘယ်လိုပံ့ပိုး မြှင့်တင်ပေးရမယ်ဆိုတာတွေကို လေ့လာခဲ့တာ ယနေ့အချိန်အထိ ဖတ်လို့ ၊ မှတ်လို့ မပြီးနိုင်သေးဘူး။ ဒီလိုစာတွေ ရေးနေတယ်ဆိုတာကလည်း ကိုယ်သိထားတာတွေ သူများကို သိစေချင်တဲ့ စေတနာအရင်းခံနဲ့ သူတို့သိသွားရင် သူတို့သားသမီးတွေအတွက် ပိုကောင်းသွားမယ်ဆိုပြီး ရေးနေတာပါ။

သားသမီးတွေအတွက် အကောင်းဆုံး လုပ်ကိုင်ပေးရင်းကနေ ဇောတွေ ၊ မသိစိတ်တွေ လွှမ်းသွားတဲ့အခါ အမှတ်မထင်ပြုမူလိုက်တဲ့ ကိုယ့်အပြုအမူ ၊ ပြောဆိုလိုက်တဲ့ ကိုယ့်အပြောအဆို ၊ အမူအကျင့်တွေကနေ ကလေးဟာ ဖျတ်ခနဲ သင်ယူသွားပါတယ်။ ကောင်းတာတွေဆို သင်ရခက်သလောက် ဆိုးတာတွေကျတော့ မသင်ဘဲ တတ်လွယ်လိုက်တာနော်။ သူလိုကိုယ်လို ပြောကျင့် ၊ လုပ်ကျင့်ကနေပဲ ကလေးတွေဟာ သူကျင်လည်တဲ့ ပတ်ဝန်းကျင်က အမူအကျင့်နဲ့ အပြောအဆိုတွေကို သင်ယူတတ်မြောက်သွားခဲ့ပါတယ်။

“ကလေးကိုလာကိုက်တဲ့ခြင် လာစမ်း ၊ သတ်ပစ်လိုက်မယ်” ဆိုတာကနေ အသားနာအောင်လုပ်တဲ့သတ္တဝါကို သတ်ပစ်ရမယ်ဆိုတာ ကလေးဟာ သင်ယူသွားပါတယ်။ တခုခုနဲ့ ဆောင့်မိလို့ ကလေးငိုသွားရင် “ဘာနဲ့ဆောင့်မိသလဲ ဒီခုံလား ၊ ကဲဟယ် ကဲဟယ် ကလေးကို နာအောင်လုပ်တဲ့ခုံ ရိုက်ပလိုက်မယ်” ဆိုတာကနေ ကိုယ့်ကို နာစေတဲ့အရာတွေကို ဒီလိုပြန်ရိုက်ရတယ် ၊ ကလေးကို ငိုအောင်လုပ်တဲ့သူကို ဟန်ပြရိုက်မယ်ဆိုရင် နာအောင်လုပ်တဲ့သူကို နာအောင် ပြန်ရိုက်ရတယ်ဆိုတာတွေ ကလေးဟာ သင်ယူသွားပါတယ်။ ဒါဟာ လွဲမှားတဲ့ ကလဲ့စားချေစိတ်ကို သင်ယူသွားတာပေါ့။ လူကြီးတွေက ကလဲ့စားချေရမယ်လို့ သင်ပေးလိုက်တာမဟုတ်ပေမယ့် သူသင်ယူလိုက်တာက သူ့ကိုနာအောင်လုပ်တဲ့ အရာနဲ့ လူတွေကို နာအောင်ပြန်လုပ်တာဟာ သဘာဝ ၊ ဒီလိုပဲလုပ်ရတယ် ၊ ဒါမှကျေနပ်စရာလို့ သင်ယူသွားပါတယ်။ ဒါဟာ လွဲမှားတဲ့ အသံတိတ်သင်ယူမှုကြီးပါ။

ဒီလိုဆို ကိုယ့်အသားနာတာမကြိုက်ရင် သူများအသားနာအောင် မလုပ်ရဘူးတို့ ၊ သတ္တဝါတွေကို ကိုယ်ချင်းစာတရားထားပြီး ဆက်ဆံရမယ်တို့ ၊ ကြီးနိုင်ငယ်ညှဉ်း မလုပ်ရဘူးဆိုတဲ့အရာတွေကို သူနားလည်လက်ခံလာအောင် သင်ကြားပြသဖို့ ခက်သွားပြီပေါ့။ သူ့ရှေ့မှာ လူကြီးတွေ လုပ်ခဲ့တာနဲ့ လူကြီးတွေက ဒီလိုလုပ်ရမယ်လို့ သင်ပေးတာဟာ ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေတယ်။ ဒီအခါ သူဟာ ဘာကိုလုပ်ကိုင်မှာလဲ သံသယရှိစရာမလိုပါဘူး ။ သူဟာ လူကြီးလုပ်တာကိုပဲ လိုက်လုပ်မှာပါ။ အဲဒီမှာ “ငါပြောသလိုလုပ် ၊ ငါလုပ်သလို မလုပ်နဲ့” ဆိုတာ စတာပဲလေ။

ကျွန်မသမီးတုန်းက ခေါင်းနဲ့မလွတ်ရင် ခေါင်းငုံ့သွားရမယ်ဆိုတာ မသိသေးလို့ ခေါင်းဆောင့်တတ်တဲ့နေရာတွေကို ရာဘာထူထူလေးတွေ ကပ်ပေးထားပေမယ့် အိမ်မဟုတ်တဲ့ တခြားနေရာတွေမှာ ခေါင်းဆောင့်မိတဲ့ကလေးကို ခေါင်းငုံ့မထွက်သမျှ ခေါင်းဆောင့်မိနေဦးမှာပဲဆိုတာ သင်ပေးရင်း နာသွားတဲ့ခေါင်းကို လက်ပူတိုက် အနမ်းလေးပေးခဲ့တယ်။ သူသင်ယူပြီးသွားတဲ့ နောက်ပိုင်းမှာ ဘယ်နေရာတွေလိုမျိုးဆို ခေါင်းငုံ့သွားလာရတယ်လို့ သူနားလည်သွားပြီလေ။ နံရံနဲ့ခေါင်းဆောင့်မိတဲ့အခါတွေလည်း ရှိခဲ့တာပေါ့။ သူ့ဘာသာ အကြောင်းကြောင့်ကြောင့် အရှိန်လွန်ဆောင့်မိတယ် ၊ ကိုယ်လုပ်ရင် ကိုယ်ခံရတယ် ၊ ငိုနေလို့ နာတာဟာ ပျောက်မသွားဘူး ၊ ပင်ပန်းတာပဲ အဖတ်တင်တယ် ၊ နောင်ဒီလိုမနာချင်ရင် နံရံနဲ့ခေါင်း မဆောင့်မိအောင် သတိထားရမယ်ဆိုတာ သင်ပေးရင်း နာသွားတဲ့ခေါင်းကို လက်ပူတိုက် အနမ်းလေး ပေးခဲ့ဖူးတယ်။ နှစ်ကြိမ် ၊ သုံးကြိမ် ဖြစ်သွားခဲ့ပြီးတဲ့နောက်မှာ ကိုယ်ဖြစ်ကိုယ်ခံဆိုတဲ့စကားကို သူနားလည်လာတယ်။ သူ့အစား သူများက ဝင်နာပေးလို့ မရဘူးဆိုတာလည်း သူသိလာတယ်။ ဒီတော့ သူ့ဘာသာသူ သတိထားလာတယ်။ တနည်းအားဖြင့် ကိုယ့်တာဝန် ကိုယ်ယူရမယ်ဆိုတာ တနည်းတဖုံ သူနားလည်လာတာပေါ့။

ကလေးလမ်းလျှောက်ရင်း ၊ ပြေးရင်း ချော်လဲတယ်ထား ၊ ပြူးပြူးပြာပြာ ကလေးဆီပြေးသွားပြီး ဖပ် ၊ ဖပ် ဘယ်နာသွားလဲ စသဖြင့် လူကြီးဟာ ကလေးကိုချော့ရင်း ငိုနေတဲ့ ကလေးစိတ်ကျေနပ်အောင် ကလေးချော်ကျတဲ့နေရာကို ခြေနဲ့ဆောင့် ကဲဟယ် ၊ ကဲဟယ် လုပ်ပြမယ် ဆိုရင် ကလေးဟာ ကာလအတော်ကြာအထိ ချော်လဲတိုင်း ပြန်ထဖို့ လူကြီးကိုအားကိုးနေမယ် ၊ တဗြဲဗြဲအော်ငိုပြီး လူကြီးချော့မှ ၊ သူနာအောင် ဖြစ်စေခဲ့တဲ့အရာကို ပြန်နာအောင်လုပ်ပေးတယ်လို့ စိတ်ကျေနပ်မှ အငိုတိတ်တယ်ဆိုရင် တခုခု မှားယွင်းသွားတိုင်း လာကူမယ့်သူကို မျှော်နေနိုင်တယ်လေ။

ကျွန်မသမီးလေး မတ်တပ်မရပ်တတ် ၊ ရပ်တတ်ကနေ ပြေးလွှားတတ်တဲ့အချိန်အထိ အကြိမ်ကြိမ်လဲခဲ့ဖူးပါတယ်။ ကလေးကို မျက်ခြည်မပြတ် အမြဲရှိနေတာမို့ သူကျသွားတိုင်း ကျွန်မသိတယ်ဆိုတာ မျက်လုံးအကြည့်နဲ့ သိစေတယ် ၊ သူထနိုင်မလား စောင့်ကြည့်တယ် ၊ အတော်နာသွားလို့ သူငိုရင် သူ့နားသွားပြီး ဘယ်နေရာနာသွားလဲလို့ ပုံမှန်လိုပဲ လေချိုနဲ့ ပြောဆိုမေးမြန်းတယ် ၊ နာသွားတဲ့နေရာကို လက်ကလေးနဲ့ခါ နမ်းပေးလိုက်တယ် ၊ အမေ့တုန်းကလည်း ဒီလိုကျခဲ့ဖူးတယ် သတိထားတဲ့နောက်ပိုင်း မကျတော့ဘူး ၊ သမီးရော သွားသွားလာလာ သတိထားကြည့်ပါလား ကျမှာမဟုတ်တော့ဘူးလို့ နှစ်သိမ့်ပြောဆိုခဲ့တယ်။ နောက်ပိုင်းမှာ သွားသွားလာလာ သတိထားပြေးလွှားတတ်လာတယ်။ ဟန်ချက်ထိန်းတတ်လာတယ်။ ကျသွားလဲ မငိုတော့ဘဲ နာတဲ့နေရာ အမေ့လာပြပြီး နမ်းခိုင်းတယ်။ တနည်းအားဖြင့် သူ့ကို စိတ်အား ၊ ကိုယ်အား သန်စွမ်းလာအောင် လေ့ကျင့်ပေးပြီး သူများကို အားကိုးချင်စိတ်မထားအောင် ၊ ကိုယ့်ကိုယ်ကို အားကိုးအောင် လေ့ကျင့်ပေးခဲ့တာပါ။

BurmeseHearts Blog

“ဖိုးလမင်းကြီးရေ ထမင်းဆီဆမ်း ၊ ရွှေလင်ပန်းနဲ့ ပေးသနားပါ” လို့ ဖိုးလမင်းဆီကို တောင်းဟန်နဲ့ ကလေးအာရုံလမ်းလွှဲလေ့လည်း ရှိတယ်နော်။ လူကြီးမိဘလုပ်ပြတဲ့ ဟန်အမူအရာ အသံနေ ၊ အသံထားတွေက တမူဆန်းသစ်နေတာမို့ ကလေးဟာ အာရုံပြောင်းပြီး စိတ်ဝင်စားသွားမယ် ၊ ပြီးရင် ပြုံးရယ်မြှူတဲ့ လူကြီးနဲ့အတူ လိုက်ရယ်ရင်း ပျော်မြူးသွားမယ်။ ဒါပေမယ့် ကလေးသင်ယူသွားတာက ဒီလိုတောင်းတာဟာ သဘာဝ ၊ သူလိုချင်တဲ့အရာကို တောင်းယူလို့ရတယ်လို့ နားလည်သင်ယူသွားပါတယ်။

ဒီတော့ ကိုယ်လိုချင်တာကို လူစိမ်း ၊ လူကျက် မသိဘဲ တောင်းယူတတ်ချိန်မှာ တောင်းယူတော့မှာပေါ့။ သကြားလုံးကြိုက်တတ်ရင် သကြားလုံးဝယ်ကျွေးဖို့တောင်းမယ် ၊ ငွေလိုချင်ရင် ငွေတောင်းမယ်လေ ၊ လွယ်လွယ်လေး ပေးလိုက်တဲ့သူရှိရင် ပိုလို့ တောင်းကောင်းပြီပေါ့။ တောင်းတဲ့အကျင့်ကြီးကို အရွယ်အတော်အတန်အထိ မဖျောက်ပေးနိုင်ရင် မိဘတွေ မျက်နှာပျက်တာပေါ့။ ကိုယ်က ကလေးကို လောက်လောက်လားလား မကျွေးသလို ၊ မပေးသလိုမျိုး ဖြစ်နေတယ်။ ပေးရက် ၊ ကျွေးရက် တောင်းနေလို့ ဒီအကျင့် ဘယ်ကစလာခဲ့သလဲဆိုရင် ဖိုးလမင်းကြီးဆီ ထမင်းဆီဆမ်း တောင်းတာကနေ စတယ်လို့ ယေဘူယျ ဆိုရမှာပါပဲ။

ကျွန်မဆက်စပ်ပြောဆိုတာတွေကို ယုတ္တိရှိရဲ့လား တွေးကောင်းတွေးနေမှာပေါ့။ မွေးကင်းစကနေ တစ်နှစ်အောက် ကလေးတွေရဲ့ ဦးနှောက်ဖွံ့ဖြိုးမှု သင်ယူနိုင်စွမ်းဟာ ဘဝတလျောက်လုံးမှာ အမြင့်ဆုံးဖြစ်လို့နေပါတယ်။ ဘယ်လောက်အထိ သင်ယူနိုင်စွမ်း ၊ ဦးနှောက်ဖွံ့ဖြိုးမှုနှုန်း မြင့်မားသလဲဆိုရင် သာမာန်အချိန်တွေထက် နှစ်ဆ မြင့်မားနေတယ်လို့ လေ့လာတွေ့ရှိခဲ့တာပါ။ ဒါကြောင့် နားမလည်တတ်သေးဘူး ၊ မသိတတ်သေးဘူးလို့ ထင်နေတဲ့ တစ်နှစ်အောက်ကလေးငယ်တွေဟာ ဘဝမှာ အသင်ယူနိုင်ဆုံး အရွယ်တွေပါ။

သူတို့ရဲ့ သင်ယူမှုအစမှာ လူကြီးတွေက သူတို့ကို ဘယ်လို Message မျိုး သင်ပေးလိုက်တယ် ၊ ဘယ်လိုအတွေးအခေါ်မျိုး ထည့်ပေးလိုက်တယ် ၊ ဘယ်လိုအပြုအမူမျိုး လုပ်ကိုင်ပြလိုက်တယ်ဆိုတာ အရမ်းအရေးကြီးနေပါတယ်။ ကိုယ်ကတော့ အမှတ်တမဲ့ပဲ သူကတော့ တဘဝစာ အမှတ်တရ သင်ယူသွားနိုင်ပါတယ်။ ကိုယ်က အမှတ်တမဲ့ ထပ်ခါ ၊ ထပ်ခါ လုပ်မိလေ သူက အဖန်ဖန် သင်ယူလေပါ။

လိမ်လည်လှည့်ဖြားမှုဆိုတာကို နားမလည်တတ်သေးတဲ့ ၊ မသိတတ်သေးတဲ့ ကလေးအရွယ်မှာ သူလိုချင်တာကို လူကြီးက အဝေးလွှင့်ပစ်လိုက်သလို ၊ မရှိတော့ဘူးလိုပြောခဲ့ပြီး လိမ်နေခဲ့တာလို့ သူသိမြင်လာတဲ့တနေ့မှာ သူဟာ ဒီလိုလိမ်တာဟာ လုပ်ရိုးလုပ်စဉ် ၊ အပြစ်မကြီးဘူးလို့ သင်ယူသွားပါတယ်။ လူကြီးတွေက အဲဒီလိုလုပ်ဖန်များလာလေ သူဟာ လိမ်ညာခြင်းဆိုတဲ့အတတ်ပညာကို ကောင်းကောင်း သင်ယူတတ်မြောက်လာလေပါပဲ။ စကားကောင်းကောင်းပြောတတ်တဲ့အရွယ်မှာ လိမ်နေတတ်ပြီဖြစ်တဲ့ကလေး လိမ်တဲ့အတတ်ကောင်းတွေ ဘယ်ကတတ်နေလဲဆိုပြီး ကောင်းကောင်း အရိုက်ခံရတော့မယ်။ တကယ်ဆို လူကြီးမိဘတွေက သူစကားမပြောတတ်ခင်အချိန်မှာ သူ့ကို လိမ်တတ်ဖို့ သင်ပေးခဲ့တယ်ဆိုတာကို သူဘယ်လို ပြန်ပြောတတ်မှာလဲ။ ဘယ်သူကကော လက်ခံမှာလဲ။ ဒါဟာ အမှတ်မထင်တဲ့ လုပ်ရပ်တွေကနေ ကလေးငယ် လွဲမှားစွာ သင်ယူသွားခဲ့တာတွေပေါ့။

ကျွန်မသမီး မကိုင်စေချင်တဲ့ပစ္စည်းဆို သူလက်လှမ်းမမီတဲ့နေရာမှာထားတယ် ၊ နောက်ပိုင်း သိတတ်လာချိန်မှာ သူမမြင်အောင် ဖွက်တယ် ၊ တနည်းနည်းနဲ့ သူ့လက်ထဲ ရောက်သွားခဲ့ရင် သူစိတ်ဝင်တစားရှိတတ်တဲ့ ပစ္စည်းတွေနဲ့ အသာတကြည် လဲလှယ်ယူတယ် ၊ အဲဒါကို လက်မခံဘူးဆိုရင်တော့ သူ့မြင်ကွင်းရောက်အောင် ထားမိတဲ့ ကိုယ့်အမှားဆိုပြီး သူ့လက်ထဲက ကိုယ်မပေးချင်တဲ့ပစ္စည်းနဲ့ သူအန္တရာယ်မဖြစ်ရအောင် မျက်စိဒေါက်ထောက်ကြည့်ရတော့တာပေါ့။

တခါတရံ သူလိုချင်တာက အရေးကြီးပစ္စည်းတွေ ဖြစ်နိုင်သလို ၊ အန္တရာယ်ရှိတဲ့ ပစ္စည်းတွေလည်း ဖြစ်နိုင်တယ်။ မပေးဘဲနေလို့ သူအရမ်းငိုနေတယ်ဆို မျက်စိအောက် ပေးကိုင်လိုက်တယ် ။ ကလေးကို လိုတိုးပိုလျှော့ ဆက်ဆံရတယ်လေ။ အမြဲတင်းလို့မရသလို အမြဲ အလျှော့ပေးလို့လည်း မရဘူး။ ကလေးဆိုတာ လက်ထဲရောက်သွားရင် ကျေနပ်သွားတာပဲ။ ကိုယ်ကသာ မျက်ခြည်မပြတ်စောင့်ကြည့် သိပ်မကြာခင် အဲဒီအရာဟာ သူ့အတွက် သူ့ကစားစရာတွေလောက် စိတ်ဝင်စားစရာမရှိတာ သူနားလည်သွားတယ်။ လူကြီးမပေးလို့သာ စူးစမ်းချင်စိတ် ၊ ရလိုစိတ်နဲ့ အရယူခဲ့ရတော့ သူစိတ်မဝင်စားတော့တဲ့ အဲဒီဟာကို ကြုံရာမှာ ထားခဲ့နိုင်တယ်။ ဓါးလို ၊ ကတ်ကြေးလိုဆိုတာတွေကိုတော့ အန္တရာယ်ရှိတယ်ဆိုတာ ရွယ်ပြလိုက်ရုံနဲ့ ကလေးတွေဟာ အန္တရာယ်ကို ခံစားတတ်ပါတယ်။ ကိုယ့်နောက်ကွယ် ဓါး ၊ ကတ်ကြေး သူကိုင်နိုင်တဲ့ အခြေအနေမျိုးတော့ လွယ်လွယ်ကူကူ မထားနဲ့ပေါ့။ ဒါပေမယ့် ရှိလျက်နဲ့ မရှိတော့ဘူးလို့ညာပြီး ကလေးစိတ်ကို လှည့်ဖျားပြောဆိုတာမျိုးတော့ ရှောင်တယ်။

ကျွန်မကလေးမှားယွင်းတိုင်း အပြစ်တင်ပြောဆို ဆူပူကြိမ်းမောင်းတာမျိုး ၊ ရိုက်နှက်တာမျိုးမရှိပါဘူး။ အလုပ်များနေတုန်း သန့်ရှင်းဖို့ အလုပ်ထပ်ပေးတဲ့ ကလေးကို စိတ်တိုသွားခဲ့ပေမယ့် ကလေးကို အမြင်တစ်မျိုးနဲ့ မကြည့်ခင်မှာ ကိုယ်ကလေးတုန်းကလည်း မှားခဲ့ဖူးတာကို ပြန်သတိရလိုက်တယ်။ ကိုယ့်တုန်းကလည်း ဒီလိုမှားရင်းနဲ့ သင်ယူခဲ့တယ်ဆိုတာကို ပြန်သတိရမိတော့ အမှားလုပ်တဲ့ကလေးအပေါ် စိတ်ရှည်ရှည် ရှင်းပြလိုစိတ် ရှိလာတယ်။

ဖြစ်ပြီးသွားပြီ ၊ ဒီလိုဖိတ်စင် ကျိုးပဲ့သွားတဲ့ ပစ္စည်းတွေဟာ အသစ်ပြန်မဖြစ်တော့ဘူး။ ဒီတော့ နောက်အခါတွေမှာ မဖိတ်မစင် ၊ မကျိုးမပဲ့အောင် သမီးသတိထားရမယ်။ တခါမှားရင် သမီးအမှားမဟုတ်ဘူး ၊ နှစ်ခါမှားရင် သမီးဟာ ပေါ့ဆတဲ့သူဖြစ်သွားပြီ ၊ အခါခါ မှားရင်တော့ သမီးဟာ အမှတ်မရှိသူဖြစ်သွားပြီလို့ အကြိမ်ကြိမ် လေချိုလေးနဲ့ သွန်သင်ဆုံးမခဲ့တယ်။ ကလေးဆိုတာကလည်း တစ်ကြိမ် ၊ နှစ်ကြိမ်မဟုတ် အခါခါ အမှားလုပ်ပြီးမှ သင်ယူတတ်တာပါ။ ဒါပေမယ့် သူမှားသွားတိုင်း မတူညီတဲ့အဖြစ်အပျက်တွေမှာ တူညီတဲ့ သွန်သင်ဆုံးမမှုလေးပေးတော့ သူဟာ မှတ်မိပြီး လုပ်တာကိုင်တာကို သတိထားလာတယ်။ မှားသွားရင် မိဘပြောရမှာ မကြောက်တော့ဘဲ ဘာမှားသွားတယ်လို့ အသိပေးတတ်လာတယ်။ ပြီးတော့ သူ့အမှားအတွက် သူ့ဘာသာသူ တာဝန်ခံစိတ်ကို သင်ယူလာခဲ့တယ်။

ကလေးလေးက ဘယ်လိုလို့ တာဝန်ခံစိတ် သင်ယူမလဲလို့ တွေးစရာရှိတယ်နော်။ သူမှားသွားပေမယ့် သူ့ကို မဆူ ၊ မရိုက်ဘဲ စိတ်ရှည်ရှည်ရှင်းပြတဲ့အမေ သူ့အမှားအတွက် ဘာတွေ လုပ်ကိုင်ပေးသလဲဆိုတာကို သူဟာ အသံတိတ် သင်ယူနေခဲ့ပါတယ်။ နောင်မှာ အရည်ဖိတ်သွားရင် သုတ်စရာရှာယူသုတ်တယ် ၊ ပစ္စည်းတွေ ဖိတ်စင်သွားရင် လိုက်ကောက်သိမ်းပြီး လာပေးတယ် ၊ မိခင်လုပ်တာကို မှတ်သားပြီး သူမှားသွားတိုင်း ပြန်ပြင်ပြီး အကောင်းဆုံးလုပ်နိုင်ဖို့ ကြိုးစားတယ်။ မိခင်က ဒါဖြစ်ရင် ဒါလုပ်ရတယ် ၊ ဒါလုပ်ရမယ်လို့ အတင်းအကြပ် လုပ်ခိုင်းစရာ မလိုတော့ဘူးလေ။ ဒါကိုက သူဟာ သင်ယူနေတယ်လို့ သိသာစေတယ်။

ကလေးမှားသွားတိုင်း အသုံးမကျဘူး ၊ အမှတ်မရှိဘူး ၊ သင်မရဘူးလို့ ပြောလေ့ရှိရင် ကလေးဟာ သူ့ကိုယ်သူ အသုံးမကျဘူး ၊ အမှတ်မရှိဘူး ၊ သင်မရဘူးလို့ ယုံကြည်သွားပါတယ်။ အမှားလုပ်မိရင် အဆူခံ ၊ အရိုက်ခံရမှာစိုးလို့ မပြောဘဲ ဖုံးကွယ်ထားတတ်တယ်။ လိမ်တတ်ရင် မသိအောင် လိမ်ထားတတ်တယ်။ မိဘသိသွားတော့ လုပ်တာတပြစ် ၊ ဖုံးတာတပြစ် ၊ လိမ်တာတပြစ် အပြစ်တွေ ပိုလာတာပေါ့။ တကယ်တော့ ကိုယ်ဟာ ကလေးဒီလိုလုပ်ဖြစ်အောင် မသိမသာတွန်းအားပေးသလို ဖြစ်သွားခဲ့တယ်ဆိုတာ ပြန်မသုံးသပ်ဖြစ်ခဲ့တာပါ။

အမြဲတမ်း စိတ်ရှည်ရှည်နဲ့ သင်ပြဆုံးမတတ်တဲ့ကျွန်မ ကလေးကို ဆူရမယ့် အခြေအနေ နဲ့ ရိုက်ရမယ့် အနေအထားတွေမှာလည်း ဖြစ်ရင်ဖြစ်ချင်း လူမြင်ကွင်းမဟုတ်တဲ့နေရာမှာ ဆုံးမပါတယ်။ အထူးသဖြင့် သူ့ခြေလက်ကျိုးပဲ့နိုင်တဲ့ကိစ္စ ၊ အသက်အန္တရာယ်ရှိတဲ့ ကိစ္စမျိုးတွေပေါ့။ ဆုံးမပြီးတိုင်းလည်း ဘာကြောင့် ဒီလောက် စိတ်ဆိုးသွားရတယ် ၊ သူ့အတွက် ဘယ်လိုအန္တရာယ်ရှိနေလို့ စသဖြင့် ငိုနေတဲ့ကလေးကို ထွေးပိုက်ရင်း လေလံချိုချိုနဲ့ နားဝင်အောင် ရှင်းပြပါတယ်။ သူ့ကို တမင်နာကျင်အောင် လုပ်တာမဟုတ်ဘူးလို့ သူသဘောပေါက်စေချင်တဲ့စိတ်နဲ့ ရှင်းပြပြောဆိုတာပါ။

တခါက လမ်းထွက်နေတုန်းမှာ လေပူဖောင်းမယူခဲ့နဲ့ဆိုတာကို သမီးကလက်မခံခဲ့လို့ သူ့သဘောကျ ယူစေခဲ့ပါတယ်။ ကားလမ်းကူးဖို့ အစောင့်မှာ ပူဖောင်းက လေအဝှေ့ သူ့လက်ကလွတ်ပြီး ကားတွေကြား ရောက်သွားတယ်။ ပထမဆုံး အတွေ့အကြုံဆိုတော့ ကလေးဘာသာဘာဝ အတင်းလိုက်ကောက်ယူချင်တဲ့သူ့ကို ပူဖောင်းဆိုတာ အချိန်မရွေး အမေပြန်ဝယ်ပေးလို့ရတယ် ၊ သမီးထိခိုက်သွားရင် အမေအစားထိုးလို့မရဘူးလို့ နားလည်အောင် ရှင်းပြလိုက်တော့ အသက် နှစ်နှစ်မပြည့်ခင် အရွယ်လေးနဲ့ သူဟာ ပူဖောင်းကို လွယ်လွယ်ကူကူ လွင့်မျောခွင့်ပေးလိုက်ပြီး နားလည်တဲ့မျက်လုံးတွေနဲ့ အမေကို တင်းတင်းဖက်လို့လေ။ အဲဒီနေ့ကို အမှတ်တရ စိတ်ထဲစွဲနေခဲ့တယ်။ ဒါဟာ ကျွန်မသမီးကို နားလည်မှုအခြေခံရှိဖို့ နားလည်အောင် သင်ပြဆုံးမခဲ့တဲ့ ရလဒ်တွေလို့ ကျွန်မ ယုံကြည်လိုက်ပါတယ်။

ရတု (Burmesehearts.com)


BurmeseHearts Courses
BurmeseApp

 

BurmeseApp on Google Play

You might also like