ယုံကြည်မှုကန့်လန်ကာနောက်ကွယ်မှ စိတ်ဒဏ်ရာရ ကလေးငယ်များ

0

မပြောပြရဲတဲ့ ကလေးတွေရဲ့ မျက်ဝန်းက သူတို့ရဲ့ကြောက်ရွံ့မှု စိတ်အခြေအနေကို ဖော်ပြနေပါတယ်။
မပြောပြရဲတဲ့ ကလေးတွေရဲ့ မျက်ဝန်းက သူတို့ရဲ့ကြောက်ရွံ့မှု စိတ်အခြေအနေကို ဖော်ပြနေပါတယ်။

ကျွန်မတို့ မြန်မာလူမျိုးတွေဟာ ဖော်ရွေတယ် ၊ အားနာတတ်တယ် ၊ ယုံကြည်မိတယ်ဆိုရင် အားကိုးတတ်တယ်။ မိဘတွေဟာ ကိုယ့်သားသမီးကို ချစ်စရာလေး ၊ ချစ်လိုက်တာလို့ပြောရင် အလိုလိုကျေနပ်နေရော။ နောက်တဆင့် ချီပါရစေဆို “ရော့ -အင့်- ချီလေ” ဖြစ်သွားတယ်။ လူမှုအဆင့်အတန်း တိုးတက်တဲ့နိုင်ငံတွေမှာ ကိုယ့်ကလေးကို တစိမ်းပေးချီလေ့ မြင်ရခဲပါတယ်။ ကိုယ့်ကလေး တစိမ်းပေးထိန်းဖို့ဆိုတာ ကလေးထိန်းနဲ့ အိမ်ဖော်တွေအလုပ်ပဲလို့ သတ်မှတ်ကြတယ်။ ဆိုလိုတာက အခကြေးငွေပေးပြီး ကလေးထိန်းဖို့ တာဝန်ယူခိုင်းတာပေါ့။

မြန်မာနိုင်ငံမှာ ရရှိတဲ့ဝင်ငွေ နိမ့်ပါးလို့ ကလေးထိန်းသီးသန့်ငှါးဖို့ ၊ အိမ်ဖော်ခေါ်ထိန်းခိုင်းဖို့ မတတ်နိုင်ကြတာမို့ မိဘဆွေမျိုး ၊ ဘေးအိမ် ၊ အပေါ်ထပ် ၊ အောက်ထပ် စသဖြင့် ကလေးချစ်တတ်တဲ့ အိမ်နီးပါးချင်းတွေကို ကလေးပေးပြီး ထိန်းခိုင်းတဲ့ဓလေ့ကို တွေ့ကြရပါတယ်။ ဒီလိုထိန်းပေးတဲ့သူရှိပါမှ အလုပ်တွေပိနေတဲ့ မိခင်ဟာ အိမ်ဗာဟီရကိစ္စတွေကိုလှည့်ပြီး အချိန်ပေးနိုင်မှာလေ။

လူတစ်ယောက်ရဲ့ စာရိတ္တနဲ့ အတွင်းသရုပ်မှန်ဆိုတာ ရုပ်ကြည့်တာနဲ့ မသိနိုင်ပါဘူး။ စကားချိုချိုတွေကနေ မကြားနိုင်ပါဘူး။ ကိုယ်သိတယ်ထင်တဲ့ (ကိုယ်ယုံကြည်တဲ့) တစိမ်းလက်ထဲ ကိုယ့်ကလေးထိုးအပ်ပြီး ထိန်းစေတယ်ဆိုတာကို မိဘတွေအနေနဲ့ ပြန်သုံးသပ်ကြည့်နိုင်ဖို့ အတန်တန်စဉ်းစားပြီးမှ ဒီပို့စ်ကို ရေးဖြစ်တာပါ။ ကိုယ်သက်သာတာက ခဏလေး ၊ အဲဒီခဏလေးဆိုတဲ့ အချိန်ကလေးမှာ မယုံအပ်သူလက်ထဲ အပ်ထားမိခဲ့လို့ ကိုယ့်ကလေးဟာ တသက်လုံး စိတ်ဒဏ်ရာ ရသွားနိုင်တယ်လို့ မိဘတွေ တွေးကြည့်မိမှာမဟုတ်လို့ တကယ်ဖြစ်ပျက်ခဲ့တဲ့ အဖြစ်တွေထဲက အဖြစ်နှစ်ခုကို ဝေမျှလိုက်ပါတယ်။ (၁၈)နှစ်ပြည့်ပြီးသူမှ အောက်က အကြောင်းအရာတွေကို ဆက်ဖတ်ပါနော်။

အလယ်တန်းကတည်းက ကျွန်မနဲ့ကျောင်းအတူတက်ဖြစ်ခဲ့တဲ့ ကျွန်မရဲ့သူငယ်ချင်း (သူ့နာမည် ကိုထွေးပဲထားပါတော့) ကိုထွေးက ဆရာမတွေကို အထင်အမြင်သေးစိတ် ကိန်းအောင်းနေပါတယ်။ ဘာကြောင့်လဲဆိုတာ သူရေရေရာရာမပြောပေမယ့် ဆရာမတွေထဲကမှ မူကြိုဆရာမတွေဆိုရင် သူဟာ အတော်အထင်သေးတာပါ။ ကျွန်မတို့ သူငယ်ချင်းအုပ်စုတွေထဲက တယောက်နဲ့ သူအိမ်ထောင်ကျသွားပြီး သားကလေးမွေးတယ်။ ကျွန်မက အလုပ်တဖက်နဲ့ မူကြိုကလေးတွေကို ကျောင်းမှာ အခမဲ့ အချိန်ပိုင်း စာပြပေးနေတဲ့ကာလဆိုတော့ သူ့သားကလေး မူကြိုအပ်ဖို့ ဖြစ်လာပါတယ်။

သူက ကျွန်မကိုမေးတယ်။ ဆရာမ မဟုတ်ဘဲ ဆရာချည်းပဲသင်တဲ့ မူကြိုကျောင်းရှိလားတဲ့ ။ ရှိရင်ပြောပါ။ သူ့သားကို မူကြိုအပ်ချင်လို့ပါလို့ မျက်နှာငယ်လေးနဲ့ အကူအညီတောင်းလာတော့ ကျောင်းတုန်းကတည်းက မူကြိုဆရာမမုန်းတဲ့ သူ့ခံစားချက်ဟာ ကလေးမူကြိုအရွယ်ရတဲ့အထိ မပျောက်ပျက်သွားပါလားလို့ အံ့သြတကြီး သိလိုက်ရတယ်။ ဒါပေမယ့် ဘာမှမဖြစ်သလို ကျွန်မက “ဟဲ့ မူကြိုဆိုမှတော့ ဆရာမတွေချည်းရှိမှာပေါ့။ ဆရာတွေချည်းရှိတဲ့ကျောင်းမှာ နင့်သား မူကြိုကျောင်းအပ်မယ်ဆို အရိုးဆွေးသွားမယ်။ ရှာမနေနဲ့လို့” ဟာသလုပ်ပြောဖြစ်တယ်။

ဒါပေမယ့် သူ့ကလေးပညာရေးအတွက် ကိုယ့်သူငယ်ချင်းဖြစ်သူ သူ့ဇနီးနဲ့ တိုင်ပင်ဆွေးနွေးဖို့ ဖြစ်လာတော့ မိန်းကလေးနှစ်ယောက်တည်းရှိတဲ့အချိန်မှာ သူဘာကြောင့် မူကြိုဆရာမတွေရှိတဲ့ကျောင်းမှာ သူ့သားမထားချင်တာလဲဆိုတာ မေးမြန်းဆွေးနွေးဖြစ်တော့ မပြောချင် ပြောချင် ၊ ပြောသင့် မပြောသင့် ဒွိဟဖြစ်နေတဲ့ပုံနဲ့ သူ့ဇနီးက ရင်ဖွင့်လာခဲ့တယ်။

ကိုထွေးဟာ မူကြိုကျောင်းပျော်ထားတဲ့အရွယ်တုန်းက မူကြိုဆရာမရဲ့ လိင်အာသာဖြေဖျောက်ခြင်းကို ခံခဲ့ရသူတစ်ယောက်ပါတဲ့။ အများကလေးတွေအိပ်ချိန်မှာ လူရှင်းတဲ့အခန်းတစ်ခုထဲက စားပွဲတစ်ခုပေါ်မှာလှဲလျက် ဆရာမလုပ်သမျှ ခံခဲ့ရတဲ့သူဟာ ၊ ဆရာမကိုကြောက်ကြောက်နဲ့ ဆရာမလုပ်တာကို ဘာလုပ်မှန်းမသိဘဲ ခံခဲ့ရတဲ့သူဟာ သူနားလည်တဲ့အရွယ်မှာ ဆရာမက သူ့အပေါ် လိင်အသားယူပြီး လိင်အာသာဖြေတာ ခံခဲ့ရတယ်လို့ သူနားလည်တတ်ခဲ့ပါတယ်။ အဲဒီကတည်းက သူဟာ မူကြိုဆရာမတွေကို အမုန်းကြီးမုန်းပြီး သူ့သားကို သူ့လိုအဖြစ်မျိုး ခံစားသွားရမှာ အစိုးရိမ်ကြီး စိုးရိမ်နေသူပါ။

BurmeseHearts Blog

ကျွန်မဒီစကားကြားတော့ မျက်ရည်ကျတဲ့အထိ သူခံစားရတဲ့ခံစားချက်ကို နားလည်ပါတယ်။ မျက်ရည်ကျတဲ့အထိ သူ့စိတ်ဒဏ်ရာကို နားလည်ပေးနိုင်တယ်ဆိုတာ ကျွန်မမှာလည်း ကျွန်မအကြောင်း ရှိတယ်လေ။ သူ့ခံစားချက်ကို နားမလည်နိုင်တဲ့သူတွေက သူ့စိတ်ဒဏ်ရာ ဘယ်လောက် နက်နက်ရှိုင်းရှိုင်း ဒဏ်ရာရသွားမယ်လို့ နားလည်မှာ မဟုတ်ပါဘူး။

လူဆိုတာ ကိုယ်မပြန်မတွေးချင်တဲ့ အကြောင်းအရာ ၊ ကိုယ်တိုင်မေ့ထားချင်တဲ့အကြောင်းအရာ ကိုယ်စီရှိကြပါတယ်။ မေ့ချင်ရက်နဲ့ မေ့မသွားနိုင်ဘဲ လျပ်တပြက် သတိရလိုက်တိုင်း တစစ်စစ်နဲ့ နာကျင်ခံစားရတယ်ဆိုရင် စိတ်ဒဏ်ရာနက်နက် ရသွားလို့ပါ။ ကျွန်မကိုယ်တိုင် ပြန်မတွေးချင်တဲ့အကြောင်းကို စာဖတ်သူတွေ ဖတ်မိသိရှိလို့ အနာဂါတ်ကလေးငယ်တွေအတွက် ဆင်ခြင်နိုင်ခဲ့ရင် ကျွန်မတို့လို စိတ်ဒဏ်ရာနဲ့ ကြီးပြင်းလာရသူတွေ နည်းသထက် နည်းလာမှာပါ။ ဒီရည်ရွယ်ချက်နဲ့ ကျွန်မ ပြန်မတွေးချင်တဲ့ အကြောင်းကို ဝေမျှလိုက်ပါတယ်။

ကျွန်မတို့ကြီးပြင်းလာတဲ့အိမ်က နှစ်ထပ်အိမ်ပါ။ အပေါ်ထပ်မှာ ဘုရားရှိခိုးခန်းတစ်ခုပဲရှိတဲ့ အိမ်ကျယ်ကြီးပါ။ နေ့ဘက်မှာ အိမ်ရှိလူကုန် အောက်ထပ်မှာပဲ နေတာများတယ်။ ညဘက်မှာတော့  အဖေ့ရဲ့  အိမ်နေပညာယူတပည့်တွေက အပေါ်ထပ်မှာ အိပ်ကြပါတယ်။ အဲဒီတပည့်တပန်းတွေထဲမှာ မောင်ဦးဆိုတဲ့သူလဲ တစ်ယောက်အပါအဝင်ပါ။ ပါးစပ်ထဲလက်ထည့်တာတောင် မကိုက်တတ်တဲ့ အရမ်းရိုးသားသူအဖြစ် အိမ်ကသူ့ကို သိထားပါတယ်။ အဲဒီအချိန်တုန်းက ကျွန်မက လေး ၊ ငါးနှစ် အရွယ်ရောက် ရှိနေနိုင်ပေမယ့် မောင်ဦးက ကျွန်မထက် အသက်(၂၀)ကျော်ကြီးတဲ့ အရွယ်ရှိပါတယ်။ သူ့အသက်အတိအကျတော့ ကျွန်မ မမှတ်မိတော့ဘူး။

တနေ့ နေ့လယ်ခင်း ကျွန်မတစ်ယောက်တည်း အရုပ်မကလေးတွေနဲ့ အပေါ်ထပ်မှာ ကစားနေကျ ကစားနေတုန်း အနောက်က သိုင်းဖက် လှဲချတာကို ခံလိုက်ရပါတယ်။ ကျွန်မ မျက်နှာပေါ်မိုးနေတာက မောင်ဦးရဲ့မျက်နှာပါ။ သူက ကျွန်မကို အပေါ်ကဖိထားပြီး ကျွန်မလက်တွေကိုမြှောက်လို့ သူ့လက်တဖက်နဲ့ တင်းတင်းကျပ်ကျပ် ချုပ်ကိုင်ထားတယ်။ ချုပ်ထားတာ ခံရတာမို့လန့်ပြီး ကျွန်မက ဖယ် ဖယ်လို့ အော်မိတော့ ကျွန်မပါးစပ်ကို ဖိပိတ်တာ ခံထားလိုက်ရပြီး ထပ်မအော်နဲ့ အော်ရင်နာမယ်ဆိုတာနဲ့ ကြောက်အားလန့်အား မအော်ဘူးလို့ ခေါင်းညှိတ်ပြလိုက်မိတယ်။ ဒါပေမယ့် ပါးစပ်ကိုဖိပိတ်ထားတဲ့ သူ့လက်ကို မဖယ်ဘဲနေတဲ့အချိန် ကျွန်မဆီးခုံနားမှာ နာကျင်တဲ့ခံစားမှုကို ခံစားရလိုက်တယ်။ တအားနာလို့ မျက်ရည်ဝဲတက်လာပြီး အော်ဖို့ကြိုးစားရင်း မျက်ရည်တွေ ကျလာခဲ့တယ်။ မောင်ဦးကမေးတယ် “ဘာလုပ်နေလဲ သိလားတဲ့။” ကျွန်မ ခေါင်းခါပြပြီး အောက်ကနာလွန်းလို့ မျက်ရည်တွင်တွင်ကျနေမိတယ်။ အော်လို့လည်းမရ ၊ ကူမယ့်လူလည်းမရှိ ၊ အပေါ်က စီးမိုးနေတဲ့ သူ့မျက်နှာကြီးက ကြောက်စရာကောင်းလိုက်တာ ။

အဲဒီ အချိန်မှာ မောင်ဦးရေလို့ အောက်ဘက်က တကြော်ကြော် အော်ခေါ်နေသံကို ကြားလိုက်ရတော့ ဒီအခြေအနေက ကျွန်မ လွတ်မြောက်ခွင့်ရတော့မယ်လို့ ကျွန်မမျှော်လင့်မိတယ်။ မောင်ဦးက ဒီအကြောင်းကို ဘယ်သူ့မှမပြောနဲ့။ ပြောလို့ကတော့ နင်အသေပဲ ဆိုတာကို ကြောက်လန့်တကြားနဲ့ ခေါင်းညှိတ်ပြလိုက်မှ မောင်ဦးဟာ ကျွန်မကိုထားခဲ့ပြီး အောက်ဆင်းသွားခဲ့တယ်။

ကျွန်မကြောက်လန့်တကြား မျက်ရည်တွေသုတ်ပြီး စိတ်ဖြေနိုင်မယ့် ၊ ပုန်းနေနိုင်မယ့် ချောင်တချောင်မှာ အသံမထွက်အောင် ငိုနေမိတယ်။ မောင်ဦးပြန်ရောက်လာမှာကြောက်တယ် ၊ အောက်က နာနေတာလဲ ကြောက်တယ်။ ဘာလုပ်ခံရမှန်းမသိပေမယ့် အဲဒီအဖြစ်ကြီးကို ကြောက်ပါတယ်။ အဲဒီနေရာမှာ ငိုပြီးလို့ စိတ်နည်းနည်းသက်သာတော့ အောက်ထပ် အိမ်သာထဲပြေးပြီး ဆီးခုံဝမှာဘာဖြစ်သွားလဲ ၊ ဘာကြောင့်နာနေသလဲဆိုတာကို ကလေးပေမယ့် အဖြေရှာမိတယ်။ မောင်ဦးက အသေဘဲလို့ ကြိမ်းဝါးခဲ့တာမို့ လူကြီးတွေကို ဒီအဖြစ် မပြောပြဖြစ်ခဲ့ဘူး။ ကျွန်မ ဘာတွေခံစားနေရသလဲလို့ အရေးတယူ မေးမြန်းသူလည်း မရှိပါဘူး။

အဲဒီနောက်ပိုင်း ကိုယ့်အိမ်ဆိုပေမယ့် အပေါ်ထပ်မှာ သွားမကစားတော့ဘဲ လူတွေရှိနေတဲ့ နေရာမှာပဲ ကစားကျင့်ရှိတော့တယ်။ မောင်ဦးကို အရှောင်ကြီး ရှောင်ခဲ့တယ်။ ကိုယ်နားလည်တတ်တဲ့ အရွယ်ရောက်လာတော့ မောင်ဦး ကျွန်မကို ဘာလုပ်ခဲ့သလဲလို့ နားလည်တတ်လာချိန်မှာ ကြောက်ရွံ့စိတ်တွေက ကျွန်မကို ခြောက်လှန့်စိုးမိုးထားခဲ့တယ်။ ကံကောင်းထောက်မလို့ အဲဒီလိုဖြစ်ပျက်ခဲ့ချိန်မှာ မောင်ဦးက ကျွန်မဝတ်ထားတဲ့ ဘောင်းဘီကို ဆွဲမချွတ်ခဲ့တာမို့ စိတ်ဒဏ်ရာတွေ တဆုံးမရခဲ့ပေမယ့် စိတ်ဒဏ်ရာနက်နက်တော့ ရသွားခဲ့တယ်။ အဲဒါ အိမ်ထောင်ကျပြီးတဲ့အထိပဲ။

ကျွန်မကို အနောက်က သိုင်းဖက်လာရင် အလိုလိုမကြိုက်တဲ့ ခံစားမှုနဲ့ ကြောက်ရွံ့မှုကို ဖြစ်ပေါ်စေခဲ့တယ်။ ကျွန်မမျက်နှာပေါ် စီးမိုးထားတဲ့ တခြားသူမျက်နှာကို ကြောက်ရွံ့စိတ် ၊ တချိန်က စိတ်ဒဏ်ရာတွေ ပြန်ခံစားလာရတဲ့စိတ်တွေ ဖြစ်ပေါ်လာပါတယ်။ အဆိုးဆုံးက လိင်အမှုပြုဖို့ ကျွန်မဟာ စိုးကြောက်နေတဲ့စိတ်ပါ။ သာယာမှုရှိလာဖို့ဆိုတာ ဝေလာဝေး တချိန်က ကြောက်ရွံ့တဲ့ခံစားချက်တွေက အဲဒီအချိန်မှာ ကျွန်မကို ကြီးစိုးထားခဲ့တယ်။

တနေ့မှာ ကျွန်မခင်ပွန်းကို ခံစားခဲ့ရတဲ့ ကြောက်ရွံ့စိတ်တွေ ရင်ဖွင့်ငိုကြွေးဖြစ်ခဲ့တယ်။ ကလေးတစ်ယောက်လို ခင်ပွန်းကိုဖက်ပြီး အားပါးတရ ငိုကြွေးမိတယ်။ ကျွန်မဒီကြောက်ရွံ့မှုကြီးက လွတ်မြောက်ချင်ခဲ့ပါတယ်။ ခင်ပွန်းကို ရင်ဖွင့်ငိုကြွေးပြီးတဲ့နောက်ပိုင်း နည်းနည်း သက်သာလာတယ်။ ခင်ပွန်းရဲ့နားလည်ဖေးမ ဖြေဖျောက်ပေးတဲ့စကားတွေက စိတ်သက်သာမှု ရစေတယ်။ ခင်ပွန်းက “ကျွန်မအပြစ်မရှိခဲ့ပါဘူး။ အတိတ်ဟာ အတိတ်မို့ အတိတ်မှာ ထားခဲ့လိုက်ပါ။ အတိတ်ကို ပြန်ပြင်လို့မှ မရဘဲ” တဲ့။ အတိတ်ကို ပြင်လို့မရပေမယ့် အနာဂါတ်မှာ ဖြစ်လာလတ္တံ့သော ၊ ဖြစ်နိုင်ချေရှိသော မကောင်းတဲ့အရာတွေကို ကျွန်မတို့ဟာ ကြိုဟန့်တား ရှောင်လို့ရပါတယ်။

အဓမ္မပြုကျင့်ခံရခြင်းဆိုတာ ကလေးတွေမှာ ဖြစ်ပွားခဲ့ရင် နူးညံ့တဲ့သူတို့နှလုံးသားမှာ သေရာပါ အမာရွတ်ကြီး ဖြစ်သွားပါတယ်။ အဲဒီအချိန်မှာ ဖြစ်ပေါ်နေခဲ့တဲ့ ကူကယ်ရာမဲ့ ခံစားချက်တွေဟာ အလွန်ဆိုးရွားလှပါတယ်။ တချိန် ကိုယ်ဘာကြီးပဲဖြစ်ဖြစ် ၊ ဘယ်နေရာပဲရောက်ရောက် အဲဒီအဖြစ်ကြီးရဲ့ စိတ်ဒဏ်ရာက အမြဲခြောက်လှန့်နေနိုင်ပါတယ်။ စာရိတ္တပျက်ပြားသူ ၊ စိတ်ဓါတ်ပျက်ပြားနေသူတွေမှာ ချို (ဂျို)မပါတာမို့ ခွဲခြားသိမြင်ရ ခက်ခဲပါတယ်။ ကိုယ်က ကလေးရဲ့ ခံစားမှုအပြောင်းအလဲတွေကို နေ့စဉ်မေးမြန်းလေ့မရှိဘူး ၊ ကလေးဟာ ဒီလိုပြောဆိုခွင့်ရဖို့ အခွင့်အရေးမရှိဘူးဆို ကလေးကြီးပြင်းသွားတဲ့အထိ သူ့စိတ်ဒဏ်ရာကို သိနိုင်ခွင့် မရှိပါဘူး။

ကိုယ်က သူပြောခွင့်ရဖို့ လမ်းဖွင့်ပေးသည့်တိုင် သူ့ကို နှုတ်ဆွံ့အစေမယ့် အကြောင်းအရာတွေလည်း နောက်ကွယ်မှာ ရှိနေနိုင်ပါတယ်။ ဒီလိုလုပ်ခဲ့သူတွေနဲ့ ပြန်ဆက်ဆံရဦးမှာ ၊ ဒီလိုလုပ်ခဲ့သူတွေရဲ့ ခြိမ်းခြောက်စကား ၊ မိဘကိုပြောပြလို့ ရန်တွေ့စကားများတတ်တဲ့ မိဘမျိုးရှိနေရင် တရှက်ကနှစ်ရှက် ဖြစ်သွားမှာ ၊ ဟိုးလေးတကြော်နဲ့ လူသိသွားမှာ ၊ ကိုယ့်တသက်လုံး ခေါင်းမဖော်ရဲတဲ့ အဖြစ်တွေ ၊ အရိပ်မည်းအဖြစ် ကျန်ခဲ့မှာတွေကလည်း ကလေးတွေ ပွင့်လင်းစွာ ပြောပြခွင့်ရဖို့ အထိုက်အလျောက် တားဆီးနေနိုင်ပါတယ်။ ဒါကြောင့် အဓမ္မပြုကျင့်ခံရတဲ့ ကလေးငယ်တွေနဲ့ မိန်းကလေးငယ်တွေကို အမြင်တမျိုးနဲ့ (သနားသလို ၊ ကရုဏာသက်သလို ၊ မသတီသလို) ကြည့်တာတွေဟာလည်း သူ့စိတ်ကို တတိတိ ဒဏ်ရာရစေပါတယ်။

အရွယ်မရောက်သေးတဲ့ကလေးတွေ အဓမ္မပြုကျင့်ခံရတဲ့အဖြစ် အများစုမှာ ပြုကျင့်တဲ့သူတွေဟာ တခါမှ မသိ ၊ မမြင်ဘူးတဲ့ တစိမ်းတွေဖြစ်နေတာ နည်းပါးပြီး လူသိတွေ ၊ ပတ်ဝန်းကျင် နေသူတွေထဲက ကျူးလွန်တာ များနေပါတယ်။ ဒါကိုက ကလေးကို တစိမ်းတွေနဲ့ ရောယှက်နေထိုင်ခွင့်ပေးထားတဲ့ လူကြီးမိဘတွေသတိမမူမိခဲ့တဲ့ ပေါ့ရော့မှုဟာကွက်တွေ ဖြစ်နေတာမဟုတ်လား။

ကလေးငယ်ငယ် ၊ ကြီးကြီး သူစိမ်းတွေနဲ့ မကင်းနိုင်ရင် ကလေးစကားပြောတတ်တဲ့ အရွယ်ကစလို့ ဘယ်နေရာတွေကို လာထိတွေ့ရင် မိဘအသိပေးရမယ်တို့ ၊ အထူးသဖြင့် ဘယ်နေရာက သူစိမ်းတွေကို ပေးမကိုင်သင့်တဲ့နေရာ ၊ ဘယ်လိုအခြေအနေတွေဟာ မဖြစ်သင့်တဲ့ အခြေအနေဆိုတာ ကလေးတွေကို သင်ပေးရပါမယ်။ ဒါဟာ ကလေးကို မဖွယ်မရာ သင်ပေးတာမဟုတ်ဘဲ ကလေးမဖွယ်မရာ အလုပ်ခံရမယ့်အရေးက ကာကွယ်နိုင်အောင် အသိပေးထားတာပါ။ ဒီလိုမဖွယ်မရာ အလုပ်ခံရရင်လည်း မဖွယ်မရာ အလုပ်ခံရပါလားလို့ သိရှိတတ်အောင် ၊ အသိပေးတတ်အောင် သင်ပေးထားရပါမယ်။

အခုခေတ်ထဲမှာ သူစိမ်းက မဖွယ်မရာတွေလုပ်တာကို ခံရတဲ့ကလေးတွေအပြင် ၊ မောင်နှမဝမ်းကွဲချင်း မဖွယ်မရာ ဖြစ်သွားခဲ့တာ ၊ ဆွေမျိုးအချင်းချင်း မဖွယ်မရာ လုပ်ခဲ့တာ ၊ နောက်ဆုံး သားအဖချင်း မဖွယ်မရာလုပ်ခဲ့တာတွေအထိ ကြားမြင်နေရတော့ ကလေးတွေကို ဒီဘက်မှာ လိင်ပညာပေးဖို့ လိုနေပြီလို့ မီးမောင်းထိုးပြနေပါတယ်။ အသိတရားက အရှက်တရားကို ကာကွယ်စောင့်ရှောက်နိုင်ပါတယ်။ မသိခဲ့ရင်တော့ စောင့်ရှောက်ရကောင်းမှန်း မသိဘူးပေါ့။ အချိန်လွန်မှ သိသွားခဲ့ရင် တသက်စာ နောင်တပါသွားမှာပါ။ ကလေးမိဘရော ၊ ကလေးရောပေါ့။ ဆန့်ကျင်ဘက်လိင်တွေသာ မဖွယ်မရာလုပ်ဖို့ စိတ်ဝင်စားတာမဟုတ်ဘဲ လိင်တူချင်း မဖွယ်မရာလုပ်တတ်တာတွေ ရှိနေတာမို့ သတိဆိုတာ ပိုတယ်လို့ မရှိပါဘူး။

ကျွန်မက ကိုယ့်ကလေးကို ချစ်တယ်ဆို ကိုယ့်ရှေ့ ချီခွင့် ၊ နမ်းခွင့်ပေးခဲ့ပါတယ်။ ကိုယ့်နောက်ကွယ်မှာ ကိုယ့်ကလေးကို တစိမ်းနဲ့ရှိနေဖို့ ရှောင်ပါတယ်။ ကလေးကို အချိန်ပေးပြီး စကားပြောရင်း သူ့ရဲ့  အမူအရာပြောင်းလဲမှု ၊ စိတ်ပြောင်းလဲမှုဆိုတာတွေကို သိနိုင်အောင် ၊ အာရုံခံမိအောင် ကြိုးစားပါတယ်။ နုနယ်တဲ့အချိန်မှာ အခန့်မသင့် သူခံစားသွားရမယ့် စိတ်ဒဏ်ရာကို အနာရင့်မသွားခင် ၊ စိတ်ဒဏ်ရာနက်မသွားခင် အချိန်မီဖြေဖျောက်ပေးခွင့်ရခဲ့ရင် သူ့တသက်တာပါသွားမယ့် စိတ်ဒဏ်ရာကို ကုစားချေဖျက်နိုင် ကောင်းရဲ့နော်။

ရတု (Burmesehearts.com)


BurmeseHearts Courses
BurmeseApp

 

BurmeseApp on Google Play

You might also like