class="post-thumbnail open-lightbox" href>
ကလေးသူငယ်များအား ဆုံးမခြင်း
မိဘတွေရဲ့စိတ်ထဲမှာ ကလေးကို ရိုက်ပြီးဆုံးမမှ ကလေးဟာ သင်ယူမယ်လို့ တွေးထင်နေရင် အမှားကြီးမှားနေပါပြီ။ ကလေးကိုရိုက်တာဟာ ကလေးအသားကို နာကျင်စေရုံတင်မဟုတ်ဘူး။ စိတ်ကိုလည်း နာကျင်စေပါတယ်။ ကလေးကို ရိုက်ဆုံးမလိုက်မှ ကလေးဟာ ကိုယ်ပြုစေချင်တာကို တကယ်ပြုမှာလား။ တစ်ကြိမ်ကနေ နှစ်ကြိမ် ၊ နှစ်ကြိမ်ကနေ အကြိမ်ကြိမ် အချက်ရေထပ်တိုးရိုက်မယ် ၊ ခပ်ကြမ်းကြမ်း ဆုံးမရင်းကနေ ခြေလွန်လက်လွန်တွေဖြစ်ပြီး ကလေးဟာ အရိုးအဆစ်ပြုတ် ၊ ကျိုးပဲ့တာတွေနဲ့ ဆေးရုံဆေးခန်းပြေးကြရတာတွေကိုလည်း ကျွန်မမြင်တွေ့ဖူးပါတယ်။
သူ့သားသမီးသူ ဘယ်လိုဆုံးမ ဆုံးမ ကိုယ်နဲ့မဆိုင်ဘူးလို့ မျက်နှာလွှဲလိုက်လို့ရပေမယ့် ကျွန်မစိတ်ထဲမှာတော့ အဲဒီအခြင်းအရာကြီးက စွဲထင်ကျန်ရစ်စေပါတယ်။ ကျွန်မကလေ စိတ်ဒဏ်ရာရစွာ ကြီးပြင်းခဲ့ရတဲ့သူအရေအတွက် နည်းစေချင်တယ်။ ဒီလိုနည်းဖို့ဆို ကလေးသူငယ်တွေ စိတ်ဒဏ်ရာနဲ့ မကြီးပြင်းလာဖို့ အာရုံထားရမှာပါပဲ။ ကလေးသူငယ်တွေ စိတ်ဒဏ်ရာနဲ့ မကြီးပြင်းလာဖို့ဆိုရင် ကလေးသူငယ်တွေကို ကြည့်ရှုစောင့်ရှောက်လို့ ပဲ့ပြင်အုပ်ထိန်းနေတဲ့ လူကြီးသူမတွေ ၊ ဆရာ ၊ ဆရာမတွေ ၊ ပတ်ဝန်းကျင် အသိုင်းအဝန်းမှာ ရှိတဲ့သူတွေရဲ့ ကလေးကို သွန်သင်ပြသမှုနည်းလမ်းတွေဟာ နူးညံ့စွာ ၊ စိတ်ရှည်စွာ ၊ မှန်ကန်တဲ့နည်းလမ်းနဲ့ ဆုံးမပဲ့ပြင်တတ်ဖို့ ဦးစားပေးရမှာပါပဲ။
စိတ်ဒဏ်ရာရတဲ့သူတွေနည်းလေ လူမှုဝန်းကျင်ဟာ ပိုပြီး နူးညံ့ညင်သာလို့ ပြုမူဆက်ဆံရေး ၊ ခံယူချက်တွေဟာ အကောင်းဘက်က တွေးခေါ်လုပ်ကိုင်မှာဖြစ်ပါတယ်။ စိတ်ဒဏ်ရရတဲ့သူတွေများနေရင်တော့ ဤကိုကျွဲဖြစ်သလို အမှားဟာအမှန်ဖြစ်ပြီး ကြမ်းတမ်းခက်ထန်မှုတွေ ၊ မနာလိုမရှုစိမ့်မှုတွေ ၊ သူများတိုးတက်ပျော်ရွှင်တာကို မလိုလားမှုတွေနဲ့ ပြုမူလုပ်ကိုင်သမျှဟာ အဆိုးဘက်ကပဲ တွေးခေါ်လုပ်ကိုင်သူတွေ များနေမှာပါ။ ဒါကြောင့် ကလေးသူငယ်တွေကို နူးညံ့စွာဆက်ဆံခြင်း ၊ နားလည်မှုပေးပြီး သွန်သင်ခြင်း ၊ သည်းခံမှုနဲ့သွန်သင်ပေးခြင်း ၊ ကိုယ်ချင်းစာမှုနဲ့ ဆုံးမခြင်းတွေဟာ အနာဂါတ်လူမှုဝန်းကျင်ကောင်းမွန်ဖို့ မဖြစ်မနေလိုအပ်နေပါတယ်။
ဖိတ်စင်အောင်လုပ်လိုက်တဲ့ကလေး ၊ ပျက်စီးမှုတွေ ဖြစ်စေတဲ့ကလေး ၊ ပစ္စည်းတွေကွဲစေခြင်း ၊ ဖြဲဆုတ်ခြင်း ၊ ပွရှုပ်ခြင်း စတဲ့ အထွေထွေသော စိတ်မရှည်စဖွယ် ၊ စိတ်ပျက်ဖွယ် ၊ သည်းမခံနိုင်ဖွယ် အလုပ်တွေကို လုပ်မိတဲ့ကလေးဟာ အပြစ်လုပ်မိသူ ၊ အမှားလုပ်မိသူပေါ့။ အပြစ်လုပ်မိသူ ၊ အမှားလုပ်မိတဲ့ကလေးကို အော်ဟစ်ဆူပူငေါက်ငမ်းတာ ၊ လုပ်ရကောင်းရဲ့လို့ ရိုက်နှက်တာ ၊ လုပ်ဦးမလားဆိုပြီး ပြစ်ဒဏ်ပေးတာတွေ မလုပ်ခင် ကလေးဟာ ဒါကို ဖြစ်စေချင်တဲ့ဆန္ဒနဲ့ (တနည်းအားဖြင့် ဖြစ်ပါစေတော့လို့) တမင်ရည်ရွယ်လုပ်ခဲ့တာလား အရင်စဉ်းစားပါ။
ကလေးဆိုတာ နုငယ်လေ မသိတတ်သေးလေပါပဲ။ အဲဒီလိုမသိတတ်သေးတဲ့ သုံးနှစ်အောက်လို အရွယ်တွေမှာ သိတတ်အောင် စမ်းသပ် သင်ယူနေတဲ့အရွယ်မို့ ဒါဟာလုပ်သင့်တယ် ၊ ဒါဟာ မလုပ်သင့်ဘူးဆိုတာ ခွဲခြားမသိဘဲ လုပ်မိတာတွေပါ။ သူ့စိတ်ထဲမှာ ဒါကို ဒီလိုလုပ်လိုက်ရင် ဘာဖြစ်သွားမလဲဆိုတဲ့ စူးစမ်းချင်စိတ်ရယ် ၊ ဒါကို ဒီလိုလုပ်လိုက်ရင် ဘာဖြစ်သွားမလဲလို့ စမ်းသပ်ချင်စိတ်ရယ်ဆိုတာတွေကို အခြေခံ လုပ်ကြည့်ရင်းနဲ့မှ သင်ယူလေ့လာနေတာဖြစ်ပါတယ်။ ဒါတွေကို သူတို့က အကြိမ်ကြိမ် ၊ အဖန်ဖန် လုပ်ကြည့်ရင်းနဲ့ သင်ယူနေတာပါ။ တခါလုပ်ပြီးလို့ မှတ်သွားပြီ ၊ တတ်သွားပြီမထင်နဲ့လေ။
ဒီလိုစူးစမ်းလေ့လာနေတဲ့အရွယ်မို့ သူတို့လုပ်လိုက်လို့ ပစ္စည်းတွေဟာ ဖိတ်စင် ၊ ကွဲကြေ ၊ ပျက်စီးသွားခဲ့မယ်ဆိုရင် ကလေးဟာ ဒီလိုလုပ်ရင်း သင်ယူနေပါလားလို့ အရင်ဆုံး တွေးပေးကြည့်ပါလား။ ဒီလိုအတွေး အရင်ဝင်လာခဲ့မယ်ဆိုရင် ဖိတ်စင်ပျက်စီးသွားတဲ့ပစ္စည်းအတွက် ကလေးကို ဆူပူငေါက်ငမ်း ရိုက်နှက်ပြစ်ဒဏ်ပေးဖို့ မတွေးဖြစ်တော့ဘူးလေ။ ကလေးဟာ ဒီလိုလုပ်ရင်း သင်ယူနေတယ်ဆိုတဲ့ အတွေးရဲ့နောက်မှာ ဘယ်လိုမှန်မှန်ကန်ကန် လုပ်သင့်တယ်လို့ ကလေးကို နားလည်အောင် စိတ်ရှည်ရှည် ပြောဆိုသင်ပြပေးရမှာပါ။
တမင်ပျက်စီးပါစေဆိုတဲ့ ရည်ရွယ်ချက်နဲ့ မလုပ်ခဲ့ဘဲ မတော်တဆဖြစ်လို့ ပျက်စီးဖိတ်စင်သွားခဲ့တဲ့အဖြစ်ကို နားလည်ပေးလိုက်ပါ။ မှားတတ်တဲ့ လူ့သဘာဝကို နားလည်ပေးလိုက်ပါ။ စူးစမ်းသင်ယူနေတတ်တဲ့ ကလေးသဘာဝကို နားလည်ပေးလိုက်ပါ။ ဖြစ်သွားခဲ့တာတော့ ဖြစ်သွားခဲ့ပြီ ၊ ပျက်သွားခဲ့တာတော့ ပျက်သွားခဲ့ပြီး နောက်မဖြစ်အောင် ဘယ်လိုလုပ်ရမယ်လို့ ဦးစားပေးသင်ပေးရမှာဖြစ်ပါတယ်။
တမင်ပျက်စီးပါစေဆိုတဲ့ ရည်ရွယ်ချက်နဲ့ မလုပ်ခဲ့တဲ့ကလေးကို နာမှမှတ်မှာဆိုတဲ့စိတ်နဲ့ တမင်နာအောင် ၊ မှတ်အောင် တရကြမ်းရိုက်နှက်ဆုံးမတတ်တဲ့ လူကြီးမိဘ ၊ ဆရာသမားတွေဟာ ကလေးကို လုံးဝမှားယွင်းစွာ ဆုံးမနေတာပါ။ ကလေးဟာ စိတ်ထဲမှာ မှတ်ကောင်းမှတ်သွားမယ်။ ဒါပေမယ့် ကောင်းသောမှတ်ခြင်းမျိုးမဟုတ်ဘဲ ဒီလူဟာ ငါ့ကို ဒီလို ရက်ရက်စက်စက် လုပ်တတ်ပါလား ၊ ဒီလူဟာ ငါအမှားလုပ်တိုင်း စိတ်ဆိုးဒေါသထွက်ပြီး ရိုက်နှက်တတ်တာ အတော်ကြောက်စရာကောင်းပါလားလို့ အကြောက်တရား စိုးမိုးတဲ့စိတ်နဲ့ သူ့ရဲ့ အမှတ်သညာထဲမှာ မှတ်သွားပါတယ်။
ကလေးတွေကို ထုလေမာလေ ငါးဖယ်လို့ တင်စားပြီး မိဘတွေက သရော်ဆုံးမတတ်ကြသေးတယ်။ ကလေးဟာ ငါးဖယ်မှမဟုတ်ဘဲလေ။ ထုလေမာလေ ဖြစ်လာတာက ကလေးရဲ့စိတ်ဓါတ်တွေ မာကြောလာတာကို ပြတာပါ။ အမြဲရိုက်နှက်ခံနေရတော့ လူကြီးမိဘတွေရဲ့ ရိုက်နိုင်အားကို ခံနိုင်ရည်ရှိလာတာပေါ့။ လူကြီးမိဘတွေရဲ့ ရိုက်နိုင်အားကို ငယ်ငယ်လေးနဲ့ ခံနိုင်ရည်ရှိလာလေ ဆိုဆုံးမရခက်လေ ဖြစ်လာမှာပါ။ ဘယ်လောက်ရိုက်ရိုက် လုပ်မြဲလုပ်ကျင့်ဖြစ်နေတဲ့ ကလေးရဲ့ အကျင့်ဟာ ပြောင်းလဲမသွားဘူးဆိုရင် ကလေးရဲ့စိတ်ဓါတ်မာကြောမှုဟာ အရမ်းကို ရေချိန်မြင့်မားနေပါပြီ။
ကလေးစိတ်ဓါတ်မာကြောလာတယ်ဆိုလို့ အကောင်းဘက်ကပဲလို့ မထင်လိုက်နဲ့နော်။ ဒါဟာ အဆိုးဘက်ကဖြစ်ပါတယ်။ လူကြီးမိဘ ၊ ဆရာသမားတွေရဲ့ ရိုက်နှက်ဆုံးမတာ ခံရပါများတော့ ကလေးရဲ့စိတ်ဓါတ်မာကြောလာတယ်ဆိုတာ ကလေးရဲ့ ခံစားမှုတွေ မာကြောလာတာ ၊ တနည်းအားဖြင့် ကလေးရဲ့ခံစားမှုတွေ အေးစက်လာတာ ၊ အဆုံးစွန်မှာတော့ တော်ရုံဝမ်းနည်းခံစားမနေတတ်တဲ့ သွေးအေးအေးနဲ့ ရက်စက်တတ်သူတွေ ဖြစ်လာနိုင်တယ်လေ။
ဒီလိုစိတ်နဲ့ ကြီးလာတဲ့ကလေး ၊ လူငယ် ၊ လူရွယ် ၊ လူကြီးတွေဟာ တပါးသူကို ကိုယ်ချင်းမစာတတ်ဘူး။ သူ့တို့တုန်းက ကိုယ်ချင်းစာဖေးမတဲ့သူ မရှိခဲ့လို့ ဖြစ်နိုင်တယ်။ တပါးသူကို မသနားတတ်ဘူး။ သူ့တို့တုန်းက ဘယ်လောက်ငိုယို တောင်းပန်တောင်းပန် မသနားမညှာတာ ရိုက်နှက်အနှိပ်စက်ခံခဲ့ရလို့ ဖြစ်နိုင်တယ်။ တပါးသူကို ဖေးမညှာတာချင်စိတ် မရှိဘူး။ သူတို့တုန်းက ဖေးမညှာတာတဲ့သူ မပေါ်ခဲ့ဖူးလို့ ဖြစ်နိုင်တယ်။ သူတို့တွေဟာ တပါးသူပျော်တာကို မလိုလားဘူး။ သူ့တို့တုန်းက ပျော်ရွှင်မှုဆိုတာကို မခံစားခဲ့ရလို့ဖြစ်တယ်။ သူတို့တွေဟာ ချစ်ခြင်းမေတ္တာကို မယုံကြည်ဘူး။ သူတို့တုန်းက ချစ်ခင်ကြင်နာတဲ့သူ မတွေ့ခဲ့ရလို့ဖြစ်တယ်။ အဆုံးစွန်မှာတော့ သူတို့ဟာ သွေးအေးအေးနဲ့ စီရင်တတ်သူတွေ ဖြစ်လာပါတယ်။
တကယ်ဆို သူတို့ဟာ ကလေးဘဝကတည်းက စိတ်ဒဏ်ရာနဲ့ ကြီးပြင်းလာခဲ့ရတာပေါ့။ သူတို့ရဲ့စိတ်ဒဏ်ရာ နက်ရင်နက်သလောက် သူတို့ကြီးပြင်းလာတဲ့ လူ့အသိုင်းအဝန်းအတွက် အန္တရာယ်ကြီးကြီးပေးနိုင်တဲ့ အဆိပ်အတောက်တွေ ဖြစ်လာပါတယ်။ အနည်းဆုံး သူ့မိသားစု ၊ သူ့မိဘ ၊ သူ့ဇနီး ၊ သူ့ကလေးနဲ့ သူ့လူမှုဝန်းကျင်မှသည် သူ့ရဲ့အလုပ်အကိုင် ၊ ရာထူး ၊ ဂုဏ်ရှိန်ကြီးရင်ကြီးသလောက် လူ့အသိုင်းအဝန်းအတွက် အန္တရာယ်ရှိနေပါတယ်။
ဒါတွေဟာ ဘယ်ကစသလဲဆိုရင် လူကြီးမိဘ ၊ ဆရာသမားတွေရဲ့ သွန်သင်ဆုံးမမှုကနေ စတာလို့ ဆိုနိုင်ပါတယ်။ အပြောမတတ်ရင် ဆဲသလိုဖြစ်သွားတယ်ဆိုတာ နားလည်ပေးလို့ရပေမယ့် ဆိုဆုံးမမှုမတတ်ရင်တော့ လူ့ဘဝတစ်ခုမှသည် လူ့အသိုင်းအဝန်းတခုလုံးကို ခြိမ်းခြောက်နေနိုင်ပါတယ်။ ဒီလိုစိတ်ဒဏ်ရာနဲ့ ကြီးပြင်းလာတဲ့သူတွေများလေ လူ့အသိုင်းအဝန်းအတွက် အန္တရာယ်ကြီးလေမို့ ကလေးကို မဆုံးမခင် ငါလည်း မှားတတ်တာပဲ ၊ ငါ့ထက်ငယ်နုသေးတဲ့ ဒီကလေးလည်း မှားတတ်တာပဲဆိုတဲ့ နားလည်ခွင့်လွှတ်စိတ်ကလေး ရှေ့ပြေးတွေးပေးနိုင်မယ်ဆိုရင်တော့ လူကြီးမိဘ ၊ ဆရာသမားတွေရဲ့ ဆိုဆုံးမမှုဟာ နားလည်မှုအခြေခံ ပျော့ပျောင်းလာနိုင်တာမို့ စိတ်ဒဏ်ရာရတဲ့ ကလေးတွေ နည်းသထက် နည်းလာနိုင်ပါတယ်။
ရတု (Burmesehearts.com)