class="post-thumbnail open-lightbox" href>
ခြားနားမှုတွေရှိနေတဲ့ မိဘနှင့်သားသမီး
မိဘနဲ့သားသမီး အရွယ်ချင်းမတူညီတဲ့အတွက်ကြောင့် အတွေးချင်း ၊ ခံစားချက်ချင်းကွာခြားပါတယ်။ အရာဝတ္ထုတခု ၊ အဖြစ်အပျက်တခုကို နှစ်ယောက်အတူတူ ကြည့်မြင်နေရင်တောင် တမျိုးစီတွေးတော ခံစားကြတာပါ။ လူချင်းတူပေမယ့် အတွေးချင်း ၊ ခံစားချက်ချင်း လုံးဝထပ်တူညီဖို့တော့ ခက်တယ်လေ။
အတွေ့အကြုံ ၊ အရွယ်နဲ့ တွက်ချက်တတ်လာတဲ့စိတ်တွေကြောင့် လူကြီးတွေဟာ ကလေးတွေ စိတ်ဝင်စားတာကို စိတ်ဝင်စားစရာလို့ မမြင်တော့ဘူး။ တခုခုဝယ်တော့မယ်ဆိုလည်း တန် ၊ မတန် ဆိုတာကို ကိုယ့်အတွေ့အကြုံ ၊ ကိုယ့်စိတ်ဆန္ဒနဲ့ တွက်ချက်တတ်လာတယ်။ ကလေးတွေကျတော့ အဲလိုမဟုတ်ဘူး။ သူတို့ဆီမှာ တန် ၊ မတန်ဆိုတဲ့ တွက်ချက်တတ်စိတ်တွေမရှိဘူး။ ကြိုက်ရင် ကြိုက်တယ် ၊ မကြိုက်ရင် မကြိုက်ဘူးဆိုတဲ့ ဆန္ဒဘွင်းဘွင်းကိုပဲ တွေးတယ်။
ကလေးနဲ့အတူ ဈေးသွားရင်းကြုံဖူးတဲ့ အတွေ့အကြုံနဲ့ နှိုင်ယှဉ်ပြောပါရစေ။ ကလေးကိုချစ်ပေမယ့် တိုင်းထွာသုံးစွဲတတ်တဲ့အကျင့်ကို လေ့ကျင့်ပေးတဲ့ကျွန်မဟာ သမီးကလေးနဲ့အတူ နှစ်ရက်တစ်ခါလောက် ဈေးဝယ်ထွက်ချိန်တိုင်း ဘတ်ဂျက်ပေးထားပါတယ်။ ဒီ့ထက်ပိုလာရင် Out of Budget ဆိုပြီး ဒီ့ပြင်ဟာ ရွေးဖို့ပြောလေ့ရှိတယ်။ မိသားစုလိုက် ဈေးဝယ်ထွက်ရင်တော့ ဒီလိုဘတ်ဂျက်သတ်မှတ်ပေးတာမျိုးမလုပ်ဘဲ အမှတ်တရပျော်ရွှင်မှုတွေကို ပေးလေ့ရှိတာပေါ့။
တနေ့ ကျွန်မနဲ့သမီးနှစ်ယောက်တည်း ဈေးဝယ်ထွက်တုန်း အရုပ်ဆိုင်ထဲ သူ့စိတ်ကြိုက် လိုက်ပတ်ကြည့်နေတဲ့သမီးက အရုပ်ပါကင်တခုကို ကောင်တာမှာငွေရှင်းဖို့တင်ပေးပြီး ကျွန်မကို ဝယ်ခိုင်းတော့ ကျွန်မကအရုပ်ဈေးနှုန်း အရင်ကြည့်လိုက်တယ်။ ဒေါ်လာ ၂၅ဒေါ်လာနီးပါးကျတဲ့အရုပ် ၊ သေးသေးပိစိလေးတွေနဲ့ အိမ်ရောက်ပြီး သိပ်မကြာခင် ဟိုဒီမှာ ပျောက်ပျက်သွားနိုင်တဲ့အရုပ်မျိုးမို့ မဝယ်တော့ဘဲ တခြားအရုပ်အစားထိုး ဝယ်ပေးခဲ့တယ်။
ကျွန်မအတွေးကတော့ မိဘဖြစ်တဲ့ ကျွန်မတို့အရွယ် တွေးတဲ့အတွေးပေါ့။ အမှတ်တရထိုင်ကြည့်နေလို့ရတဲ့ အရုပ်မျိုးလည်းမဟုတ် ၊ ပျောက်ပျက်သွားနိုင်တဲ့ ဈေးကြီးကြီး အရုပ်သေးသေးလေး ၊ အဝတ်ဝယ်လိုက်တာကမှ ဒီလောက်ငွေကို အဆင်ပြေပြေရှိတဲ့ အဝတ်ရနိုင်သေးတယ်။ ဖိနပ်ဝယ်လိုက်ရင်လည်း ဒီလောက်ငွေနဲ့ အဆင်ပြေပြေလေးရတယ်။ ဒီဟာက အိမ်ရောက်လို့ ဖောက်ပြီးတာနဲ့ ပြီးပျောက်သွားမယ့်အရာမို့ မဝယ်ပေးတော့တာ။
အိမ်ပြန်တလမ်းလုံးနဲ့ အိပ်တဲ့အထိ ရှိုကီ ၊ ရှိုကီလို့ သမီးက အော်ဟစ် ငိုယိုပူဆာနေတော့တာ ၊ နောက်တနေ့မနက်နဲ့ နေ့လည်မှာလည်း ရှိုကီဆိုတာကို ပြောပြီးပူဆာနေတုန်း သူပြောတဲ့ရှိုကီဆိုတာ ကျွန်မကော ၊ ကျွန်မခင်ပွန်းကော မသိဘူး ။ စကားမပီတတ်သေးတဲ့ သုံးနှစ်ခွဲမို့လည်း ပြောချင်ရာတွေ ပြောပြီး ပူဆာနေတာဖြစ်မယ်လို့ တွေးမိခဲ့တာ။ နောက်တနေ့ ဈေးဝယ်ပြန်ထွက်တော့ အဲဒီဆိုင်မှာ အဲဒီအရုပ်ကိုပဲ ရှိုကီလို့ပြောပြီး ဝယ်ခိုင်းပြန်ရော။ အဲဒီတော့မှ ပါကင်မှာရေးထားတဲ့ အရုပ်နာမည်ကိုသေချာဖတ်ကြည့်တော့ shopkins ဖြစ်နေတယ်။
ကလေးတွေရဲ့ လေးနက်စွာခံစားနာကျင်တတ်တဲ့ စိတ်ကိုအမြဲအလေးထားတဲ့ကျွန်မက ဒုတိယကြိမ်မြောက် သူလိုလိုချင်ချင် ၊ မက်မက်မောမောဖြစ်နေတဲ့ အဲဒီအရုပ်ကလေးကို ဝယ်ခွင့်ပေးလိုက်တယ်။ ဒီဘက်မှာ ငွေပိုသုံးလိုက်တော့ သူ့အတွက်သုံးဖို့ရာထားတာလေးတွေမှာ ပြန်လျှော့လိုက်တယ်။ ဒီကနေတဆင့် အတွေးနက်နက်ကလေး ကျွန်မရလာခဲ့တယ်။
ကလေးတွေအတွက်က သက်တောင့်သက်သာဖြစ်မယ့် ဘာအဝတ်မဆို အဆင်ပြေပြေလေးဝတ်နေရရင်ကို ပြီးနေတာ။ လူကြီးတွေလို ဘယ်တံဆိပ်က ၊ ဘယ်လိုပုံဆန်းလေးကြောင့် ၊ ဘယ်လိုအသားလေးကြောင့် ၊ ဘယ်လိုချုပ်သားကောင်းလို့ဆိုတာတွေကို နားမလည်ဘူး။ တံဆိပ်ကောင်းကောင်းမကောင်းကောင်း ၊ အထည်တွေ အများကြီးရှိရှိမရှိရှိ သူကြိုက်တတ်တဲ့ အရုပ်တွေအများကြီးနဲ့ သူဆော့ချင်တဲ့အချိန်ဆော့နေရတာမျိုး ၊ စားချင်တဲ့အချိန်မှာ ကြိုက်တာလေးတွေ စားဖို့ရှိနေတာမျိုး ၊ အိပ်ချင်တဲ့အချိန် ထိုးအိပ်ဖို့နေရာရှိရင်ပြီးရော။ သူချစ်တဲ့သူတွေနဲ့ အချိန်တွေကုန်ဆုံးပြီး ကစားစရာ ၊ စားစရာ ၊ ဝတ်စရာလေးတွေ အသင့်အတင့်ရှိနေရင်ကိုက သူတို့အတွက် အားလုံးအဆင်ပြေပြီ ၊ သူချစ်တဲ့သူတွေရဲ့ ဂရုစိုက်မှုမျိုးသာရနေရင် သူတို့အတွက် အားလုံးပြည့်စုံနေပြီလို့ ခံစားနေထိုင်ကြတာပါ။
ကျွန်မတို့လူကြီးတွေကတော့ သူလိုချင်တဲ့ဒါလေးက ဒီလောက်တောင် ပေးဝယ်လိုက်ရမှာ မတန်ဘူးဆိုတာတွေ ၊ ဒီအစား ဘယ်ဟာသာဝယ်လိုက်ရင် အဖတ်တင်သွားမယ်ဆိုတာတွေနဲ့ ကလေးတွေရဲ့ ခံစားချက်နဲ့ လိုလားချက်ဆိုတာတွေ တခါတလေ မရည်ရွယ်ဘဲ မျက်ကွယ်ပြုမိသလို ဖြစ်သွားတတ်တာပါ။ ပူဆာတိုင်းဝယ်ပေးဖို့ဆိုလိုတာမဟုတ်ဘဲ ဒီအရာအပေါ် သူဘယ်လောက်အထိ လိုလားတောင့်သလဲဆိုတာ ခံစားသိပြီး သူ့စိတ်ခံစားမှုနားလည်လို့ ဖြည့်ဆည်းပေးနိုင်ဖို့ဖြစ်ပါတယ်။
ကိုယ့်သားသမီးပဲ ကိုယ်စိတ်ချမ်းသာစေချင်တာပေါ့ဆိုပေမယ့် မသင့်လို့ဆိုတဲ့ လူကြီးအတွေးနဲ့ ကလေးတွေရဲ့ ခံစားချက် ၊ လိုလားချက်တွေကို မျက်ကွယ်ပြုမိသွားတာတွေ ရှိနေပါတယ်။ ကလေးရဲ့ ပျော်ရွှင်သွားမှု ၊ စိတ်ငြိမ်းချမ်းသွားမှု ၊ မိဘရဲ့ဖြည့်စွမ်းပေးမှုကြောင့် ဆန္ဒပြည့်ဝသွားတာတွေနဲ့ ပြန်ချိန်ဆမယ်ဆို ကျွန်မတို့က မတန်ဘူးထင်နေတဲ့ အရာလေးတွေကလည်း တကယ်တော့ တန်နေပါတယ်။
လိုချင်တာမရပါများလို့ ၊ လိုချင်တာပူဆာမိတဲ့သူ အဆူခံ ရိုက်ခံရပါများလေလေ မကျေနပ်စိတ်ကလေးတွေ ကိန်းအောင်းလာလေ ၊ မိမိလိုချင်တာ ရပိုင်ခွင့်မရှိတဲ့ မိမိအနေအထားအပေါ် အလိုမကျစိတ်တွေနဲ့ သူပူဆာလို့မရတဲ့အရာတွေရရှိထားတဲ့ အပေါင်းအသင်းတွေအကြား သိမ်ငယ်လာတတ်တယ်။ ဒီအချိန်ကျတော့မှ ကိုယ်နှမျောခဲ့တဲ့ဒီငွေတွေ ပုံပေးလို့ ကလေးရဲ့ စိတ်ခံစားမှုတွေပြောင်းလဲပစ်မယ်ဆိုရင်တောင် အလွယ်တကူ ပြောင်းလဲပစ်လို့ဖို့မလွယ်ပါဘူး။ စိတ်ဒဏ်ရာတွေရသွားခဲ့ရင် ပိုဆိုးပါတယ်။
သမီးလေးကို သူလိုချင်တာ ဝယ်ပေးပြီးတော့ စားသောက်ဆိုင်မှာ သွားစားတော့ သမီးလေးထက် နည်းနည်းကြီးတဲ့ ကလေးမလေးက သမီးလေး တကိုင်ကိုင်နဲ့ သဘောကျနေတဲ့ ဒီအရုပ်တွေကို ဖြတ်သွားဖြတ်လာ ငေးကြည့်ရင်း shopkins ၊ shopkins လို့ ဝမ်းသာအားရ မျက်လုံးလက်လက်တွေနဲ့ ပြောပေမယ့် သူ့အုပ်ထိန်းသူက မသိယောင်ဆောင်ပြီး ဆက်ထွက်သွားတာတွေ့လိုက်ရတယ်။ သမီးလေးကတော့ သူ့အရုပ်တွေအတွက် ဂုဏ်ယူပြီး တပြုံးပြုံးနဲ့။
ကိုယ်သာမသိတာ သူတို့ကလေးတွေ ဒီအရုပ်ပေါ် ရယူခွင့်တွေရရှိဖို့ ဘယ်လောက်လိုလားကြတယ်ဆိုတာ ကျွန်မသိလိုက်ရတယ်။ တခါတလေမှာ ကျွန်မတို့အတွက် မက်လောက်စရာမရှိပေမယ့် သူတို့အတွက် အရမ်းမက်မောစရာကောင်းနေတတ်ပါတယ်။ ကျွန်မတို့တွေက အကောင်းဆုံး ၊ ဈေးအကြီးဆုံးဆိုတဲ့အရာတွေကိုလည်း သူတို့တွေဟာ သူတို့ချစ်မြတ်နိုးတဲ့ ဖွေဖွေရာရာပစ္စည်းလေးတွေလောက် မက်မောစရာမရှိဘူးလို့လည်း ယုံကြည်နေတတ်ပါတယ်။ အတွေ့အကြုံ ၊ အတွေး အရွယ်နဲ့ ခံစားချက်တွေမတူတာမို့ မက်မောတန်ဖိုးထားတာလေးတွေလည်း ကွဲပြားနေနိုင်တာပဲနော်။
ရတု (Burmesehearts.com)