class="post-thumbnail open-lightbox" href>
အလေ့အကျင့်ကောင်းများ ကလေးကိုသင်ပေးဖို့ ကနဦးလိုအပ်ချက်များ
မိမိရဲ့ရင်သွေးငယ်တွေမှာ အလေ့အကျင့်ကောင်းတွေ ကိန်းအောင်းပြီး အလေ့အကျင့်ဆိုးတွေ စွဲမနေဖို့ မိဘတိုင်းက လိုလားကြပါတယ်။ အာပေါက်အောင် ပြောဆိုဆုံးမ ၊ ရိုက်နှက်ဆုံးမ ၊ ဒဏ်ပေးဆုံးမတာတွေ လုပ်ကိုင်ပေမယ့် သွန်သင်ဆုံးမလို့မရဘဲ မလုပ်ပါနဲ့ဆိုတဲ့ အလေ့အကျင့်ဆိုးတွေကို လုပ်မြဲအတိုင်းလုပ် ၊ လုပ်ပါဆိုတဲ့ အလေ့အကျင့်ကောင်းတွေကို လိုက်မလုပ်ဘူးဆိုရင် မိဘတွေအတွက် စိတ်ညစ်စရာပါ။ ဒါကို ဘယ်လိုဖြေရှင်းကြမလဲ။
ပထမဦးစွာ ကလေးကို အမြဲတာဝန်ယူလို့ ဆုံးမပဲ့ပြင်သွားမယ့်သူဟာ ဘယ်သူလဲလို့ မိသားစုထဲမှာ အရင်ရွေးချယ်ရမှာပါ။ ဒီလူဟာ ကလေးနဲ့ အချိန်များစွာ ကုန်ဆုံးနေတဲ့သူ ဖြစ်သင့်ပါတယ်။ ကလေးအနားအမြဲနေပြီး ကလေးဘာလုပ် ဘာကိုင်တယ် ၊ ဘာတွေကို စိတ်ဝင်စားလို့ ဘယ်လိုပြောဆိုလုပ်ကိုင်နေတယ်ဆိုတာကို အမြဲလို သတိထားကြည့်နေနိုင်တဲ့သူမှ ကလေးကို ပဲ့ပြင်ထိန်းသိမ်း ဆုံးမရတာပိုလွယ်ကူမှာပါ။
ကလေးကို အဓိကသွန်သင်ဆုံးမမယ့်သူဟာ ကလေးကိုအချိန်ပေးပြီး အမြဲလို အရိပ်တကြည့်ကြည့် ကြည့်ရှုစောင့်ရှောက်တဲ့သူ ဖြစ်သင့်တာပါ။ အများအားဖြင့်တော့ အဲဒီသူဟာ ကလေးရဲ့မိခင်ဖြစ်နေတတ်ပါတယ်။ မိခင်ဟာ မိမိသားသမီးအပေါ် စိတ်အရှည်နိုင်ဆုံးသူ ဖြစ်တာမို့ ကလေးကို ထိန်းသိမ်းစောင့်ရှောက် ပဲ့ပြင်ဆုံးမဖို့တာဝန် အဓိကနေရာ ယူထားတဲ့သူဟာ မိခင်ဖြစ်သင့်တာပါ။
မိသားစုထဲမှာ ကလေးကို အဓိက ပဲ့ပြင်ဆုံးမမယ့်သူကို ဘယ်အချိန်ကတည်းက စတင်ရွေးချယ်သင့်သလဲလို့ ကျွန်မကိုမေးရင် ကလေးကို ကိုယ်ဝန်စလွယ်တဲ့အချိန်မှာ နောက်အကျဆုံးထားလို့ ရွေးချယ်ပါ။ ရွေးချယ်ထားတဲ့အတိုင်းလည်း အဲ့ဒီသူကို ကလေးနဲ့ပတ်သက်လို့ ဆုံးမသွန်သင်ဖို့ Full Authority (အာဏာအပြည့်အဝ) ပေးထားရမှာပါ။
ကလေးကို အဓိကဆုံးမပဲ့ပြင်သွန်သင်ပေးသူက ဆုံးမပဲ့ပြင်နေတဲ့အခါ ကလေးဘက်ကနေ တစ်ဦးဦးက ဝင်ကာပေးတာ ၊ သူဆုံးမပဲ့ပြင်နေတာကို ဝင်ပြော၊ ဝင်ဟန့်တွမျိုး မလုပ်မိဖို့လိုပါတယ်။ နှစ်ယောက်တည်း သီးသန့်ခွဲနေတဲ့ ဇနီးမောင်နှံတွေမှာ ဒီလိုကိစ္စမျိုးက ရံဖန်ရံခါသာ ဖြစ်တတ်ပေမယ့် မိဘဆွေမျိုးတွေနဲ့ အတူနေတဲ့ ဇနီးမောင်နှံတွေ ကလေးရလာပြီဆိုရင်တော့ ကလေးဝိုင်းထိန်းပေးမယ့်သူတွေရှိသလို ကလေးကို ဝိုင်းဆုံးမတဲ့သူတွေလည်း များနေမှာပါ။ ပစ္စည်းတခုဟာ တလက်ကိုင်ဆို ပိုသန့်သလိုမျိုး ကလေးကို ဆုံးမတဲ့အခါ တစ်ဦးတစ်ယောက်တည်းက အထူးတာဝန်ယူပြီး အစစအရာရာ ဆုံးမပဲ့ပြင်ပေးသွားတာက ပိုထိရောက်ပါတယ်။
ကိုယ်ဆုံးမနေတုန်း အဖေ အမေက ကလေးကိုဝင်ကာတာ ၊ အဖိုးအဖွားတွေက ဝင်ဟန့်တာ ၊ ဦးလေး အဒေါ်တွေက ဝင်ပြောတာ စသဖြင့်သော အလေ့အကျင့်တွေဟာ ကလေးကို ထိထိရောက်ရောက် မဆုံးမ ၊ မပဲ့ပြင်နိုင်တဲ့ အကြောင်းအရင်းတွေထဲက တခုလိုဖြစ်နေပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ကလေးဟာ ဒီလူတွေရဲ့ အကာအကွယ်ကိုယူပြီး အော်ဟစ်ငိုယိုတာ ၊ ဆောင့်အောင့်တာ ၊ လူးလှိမ့်ဆန္ဒပြတာ ၊ အဲဒီလူနောက်ပြေးကွယ်တာ စသဖြင့် အားကိုးရှာပြီး ကိုယ်ပြောဆိုဆုံးမတာတွေကို မနာခံပါဘူး။ ဒီလို အကာအကွယ်ယူလို့ရနေတာနဲ့အမျှ ဘယ်လောက်ပဲ စည်းကမ်းတွေချချ မလိုက်နာတာတွေကိုလည်း ကြုံနေရဦးမှာပါ။
လိုက်နာရမယ့်စည်းကမ်းတွေကို တစ်ဦးဦးရဲ့အကာအကွယ်ယူပြီး မလိုက်နာလည်း ဖြစ်နေတဲ့အခါ ဒီကလေးဟာ စည်းပျက်ကမ်းပျက်ကလေးဖြစ်လာနိုင်တာပေါ့။ နောင်မှ ကလေးဆိုးတယ်ဆိုရင် ဒါဟာ ကလေးအနီးရှိသူအားလုံးရဲ့တာဝန်ပါ။ မွေးကတည်းက မဆိုးတတ်တဲ့ကလေးဟာ သူတို့တွေကြောင့် ကလေးဆိုးလာတာပါ။ အစကတည်းက နည်းမှန်လမ်းမှန် သွန်သင်ဆုံးမ လေ့ကျင့်ပေးသင့်တာတွေကို မလုပ်ခဲ့ဘဲ စည်းလွတ်ဝါးလွတ် ကြီးပြင်းလာစေခဲ့ပြီးမှ ကလေးဆိုးလေးလို့ တံဆိပ်ကပ်လိုက်တာ မဖြစ်သင့်ပါဘူး။ ဒါတွေကို ကြိုတွေးထားရမှာမို့ ကလေးကို တစိုက်မတ်မတ် ဆုံးမပဲ့ပြင်သွားဖို့တာဝန်ကို ကလေးနဲ့ အချိန်အများဆုံး ကုန်ဆုံးလေ့ရှိသူကို ပေးထားတာ အကောင်းဆုံးဖြစ်ပါတယ်။
ကလေးကိုဆုံးမမယ့်သူ ရွေးချယ်ပြီးပြီဆိုရင် ကလေးကိုနည်းမှန်လမ်းမှန် ဘယ်လိုဆုံးမသွန်သင်ရမလဲဆိုတာ ပိုသိနားလည်လာအောင် စာအုပ်စာပေခပ်များများ ပေးဖတ်ရမှာပါ။ လုပ်ချင်တာပဲသိပြီး ဘယ်လိုလုပ်ရမှန်းမသိရင် အလုပ်ကောင်းစွာမပြီးမြောက်နိုင်သလိုမျိုး ကလေးကို ဆိုဆုံးမတဲ့သူဟာ ဘယ်လိုဆိုဆုံးမရမှန်းမသိရင် ခက်ရချည်ရဲ့။ အဆိုးဆုံးမှာ လွဲမှားစွာ ဆိုဆုံးမနေတဲ့အတွက် ကလေးဟာ ဖြစ်သင့်တာမဖြစ်ဘဲ ၊ မဖြစ်သင့်တာတွေ ဖြစ်သွားတာမျိုး ၊ စိတ်ဒဏ်ရာတွေရသွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။
ကျွန်မတို့ ကလေးယူမယ်လို့ ဆုံးဖြတ်လိုက်ကတည်းက ကိုယ်ဝန်အဆင့်ဆင့် ဖွံ့ဖြိုးတိုးတက်လာပုံ ၊ ဘယ်လိုထိန်းသိမ်းစောင့်ရှောက်ရမယ်ဆိုတာတွေကို စာအုပ်တွေဝယ်ပြီး လေ့လာပါတယ်။ အဲဒီအချိန်မှာ ကျွန်မကိုယ်ဝန်မရှိသေးပါဘူး။ ကိုယ်ဝန်စလွယ်တဲ့အချိန်မှာ ကိုယ့်ရဲ့ကိုယ်ဝန်ကို ဘယ်လိုပြုစုစောင့်ရှောက်ထိန်းသိမ်းရမယ်ဆိုတာ ၊ ဘယ်အစာတွေကတည့်ပြီး ဘယ်အစာတွေကမတည့်ဘူးဆိုတာ ၊ ဘာတွေကလုပ်သင့်ပြီး ဘာတွေက မလုပ်ဘူးဆိုတာကို ကောင်းကောင်းနားလည်နေပါပြီ။ ဒါဟာ ကြိုတင်လေ့လာထားခဲ့တဲ့ အကျိုးကျေးဇူးပါ။
ကျွန်မမှာ ကိုယ်ဝန်ရှိလာပြီဆိုကတည်းက ကျွန်မရဲ့ အနားမှာအဖော်လုပ်ပေးတတ်တဲ့ ကျွန်မခင်ပွန်းနဲ့ ကျွန်မမိခင်တို့ကိုလည်း ကလေးကို သွန်သင်ဆုံးမဖို့တာဝန် ကျွန်မကို အပြည့်အဝပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဆိုလိုတာက ကျွန်မကလေးကို ဆုံးမတဲ့အခါ ၊ လေ့ကျင့်ပေးနေတဲ့အခါ ဝင်မစွက်ဖက်ဖို့ ၊ ကလေးဘက်က ဝင်ကာကွယ်ပေးတာမျိုး မလုပ်ဖို့ပါ။ သူတို့သဘောတူပြီးတဲ့နောက် ကလေးကို ဘယ်လိုနည်းမှန်လမ်းမှန် ဆုံးမပဲ့ပြင် လေ့ကျင့်ပေးရမလဲဆိုတာကို စာတွေအများကြီး ကျွန်မဖတ်ပြီး လေ့လာပါတော့တယ်။ အဲဒီအချိန်မှာ ကျွန်မကိုယ်ဝန် နုနုလေးရယ်ပါ။
ကလေးအပြင်ရောက်မှ သွန်သင်ဆုံးမရမယ့်ကိစ္စကို ကလေးဗိုက်ထဲမှာကတည်းက ဘာလို့ ဖတ်ရှုလေ့လာနေသလဲဆိုတော့ ပွဲမဝင်ခင် အပြင်က လေ့ကျင့်နေတာပါ။ ပွဲစမှ မီးစင်ကြည့်ကမယ်ဆိုရင် ကလေးတစ်ယောက် ထိန်းသိမ်းစောင့်ရှောက်တယ်ဆိုတာ ပွဲတပွဲ ဝင်ကလိုက်တာမျိုး မဟုတ်ဘူးလေ။ ကလေးဘဝတသက်လုံးစာ ဆောင်ရန် ၊ ရှောင်ရန်တွေကို ကလေးငယ်စဉ်ကတည်းက အကျင့်ပါသွားအောင် သွန်သင်လေ့ကျင့်ပေးသွားရမှာဆိုတော့ တဘဝလုံးနဲ့ဆိုင်တယ်။
ကြိုမလေ့ကျင့်ထားခဲ့ဘဲ ပွဲရောက်မှ မီးစင်ကြည့်ကလို့ ပွဲမလှရင် ဘာမှ ဒီလောက်ထိ မဆုံးရှုံးနိုင်ဘူး။ မသကာ ကတဲ့သူအရှက်ကွဲရုံပေါ့။ ကလေးကို သူ့အချိန်နဲ့သူ နည်းမှန်လမ်းမှန် သွန်သင်ဆုံးမလေ့ကျင့်မှု မပေးနိုင်ခဲ့ရင်တော့ ကလေးဘဝဟာ မလှမပဖြစ်နိုင်တယ် ၊ ပျက်စီးသွားနိုင်တယ် ၊ စိတ်ဒဏ်ရာ ရသွားနိုင်တယ် ၊ အဆိုးဆုံးမှာ မသိတတ်မလိမ္မာတဲ့ သားသမီးဆိုးကြောင့် ကိုယ့်ဘဝနေဝင်ချိန်မှာ စိတ်ဆင်းရဲ ၊ ကိုယ်ဆင်းရဲနဲ့ ဘဝဇတ်သိမ်းသွားနိုင်တယ်လေ။
ကလေးကို ဆိုဆုံးမတဲ့သူဟာ ကလေးကိုနားလည်မှုပေးပြီး ဘယ်အချိန်မှာ ဘယ်လို ဆုံးမပဲ့ပြင်လို့ လေ့ကျင့်ပျိုးထောင်ပေးသွားမလဲဆိုတာ ကောင်းကောင်း သိနားလည်ထားသင့်ပါတယ်။ ဒီလိုဆိုဆုံးမတဲ့အခါမှာလည်း မတင်းလွန်း ၊ မလျှော့လွန်း ၊ တခါတလေတင်းလိုက် ၊ တခါတလေလျှော့လိုက် ၊ တခါတလေ လွှတ်ပေးလိုက်နဲ့ ကလေးရဲ့ အရိပ်အကဲကို ကောင်းကောင်းသိနားလည်လို့ လေ့ကျင့်ပျိုးထောင်ပေးသွားရမှာပါ။
ကလေးရဲ့အရိပ်အကဲကို ကောင်းကောင်းသိနားလည်ဖို့ဆိုတာ ကလေးရဲ့အထာကို ကောင်းကောင်း သိနားလည်ထားဖို့လိုသလို ဘယ်အချိန်မှာ ဘယ်လို ထိန်းသိမ်းပဲ့ပြင်သွားရမယ်ဆိုတာလည်း အမြဲသတိရှိနေဖို့လိုပါတယ်။ ထိန်းသိမ်းပဲ့ပြင်ပေးရမယ့်အချိန်မှာ ရေချိန် အတိုးအလျှော့နဲ့ လိုသလို ထိန်းသိမ်းပဲ့ပြင်သွားရမှာမို့ ကလေးရဲ့ရေချိန်ကို ကိုယ်ကောင်းကောင်း သိနားလည်ထားရမှာဖြစ်သလို ကိုယ့်ရေချိန်ကိုလည်း ကလေး ကောင်းကောင်း သိနားလည်အောင် လေ့ကျင့်ပေးထားရပါမယ်။
ရေချိန်ဆိုတာဘာလဲ။ ရေချိန်ဆိုတာ ဘယ်လိုအသံနှုန်း ၊ ဘယ်လိုသတိပေးနှုန်း ၊ ဘယ်အခြေအနေရောက်ပြီဆိုရင်ဖြင့် ရပ်သင့်ပြီဆိုတာကို ဆိုလိုတာပါ။ ကလေးဘယ်အခြေအနေမှာ ဒီအပြောအဆို ၊ ဒီအပြုအမူ ၊ ဒီအကျင့် မရပ်ရပ်အောင် အမြစ်ဖြတ်ဆုံးမသင့်တယ် ၊ ဘယ်အခြေအနေအထိ နားလည်မှုပေးပြီး လွှတ်ထားသင့်တယ်ဆိုတာ ဆိုဆုံးမသူက ကောင်းကောင်း နားလည်ထားရမှာဖြစ်သလို ဘယ်အခြေအနေမှာတော့ အမေဘယ်လောက်ထိ စိတ်တိုနေပြီး ၊ ဘယ်အခြေအနေဆိုရင်တော့ ငါရပ်ကိုရပ်မှဖြစ်တော့မယ်ဆိုတာကိုလည်း ကလေးက ဆိုဆုံးမတဲ့ မိခင်ရဲ့ အရိပ်အခြည် ၊ အသံနှုန်း ၊ ဒေါသနှုန်းတွေကို ကောင်းကောင်းနားလည်အောင် လေ့ကျင့်ပေးထားဖို့ လိုပါတယ်။ ဒါတွေကောင်းကောင်း သိနားလည်ထားပြီဆိုရင်ဖြင့် တစ်ယောက်ရဲ့ရေချိန် တစ်ယောက်ကောင်းကောင်း သိနေပြီပေါ့။
လူဆိုတာ တစ်ဦးနဲ့တစ်ဦး အကျင့်ဗီဇ ၊ စရိုက် ၊ ဆန္ဒနဲ့ အကြိုက်တွေ လုံးဝကြီးထပ်တူကျမနေနိုင်ဘူး။ ဒီအပေါ်လိုက်လို့ အပြုအမူ ၊ အပြောအဆိုတွေလည်း မတူညီကြတာပါ။ ဘဝဆိုတာ ပုံသေနည်းတခု ချတွက်နေသလိုမျိုးမဟုတ်ဘူး။ Live ဖြစ်နေတာမို့ ဘယ်အချိန်မှာ ဘာဖြစ်မယ်လို့ ကြိုမသိနိုင်ဘူး။ ဒီိလိုကြုံလာရင် ဒါလုပ်ရမယ်လို့ ကောင်းကောင်းသဘောပေါက်ထားသည့်တိုင် တကယ်ကြုံလာတဲ့အချိန်မှာ လုပ်သင့်တာမလုပ်ဖြစ်ဘဲ ၊ မလုပ်သင့်တာ လုပ်ဖြစ်သွားတာမျိုး ၊ လုပ်ခဲ့မိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။
ဒါကြောင့် သီအိုရီကိုချည်းပဲ ကျက်နေလို့မရဘူး။ စာတွေ့ချည်းပဲ အလွတ်ကျက် အပိုင်ရနေလို့ ငါတော်လှချည်ရဲ့ မှတ်နေလို့မရဘူး။ သီအိုရီကို လက်တွေ့နဲ့ ပေါင်းစပ်လုပ်ကိုင်ကြည့်လို့ ထွက်လာတဲ့ရလဒ်ကမှ ကောင်းကျိုး ၊ ဆိုးကျိုးဆိုတာကို ဆုံးဖြတ်နိုင်တာပါ။ စာဖတ်အားလည်းနည်း ၊ စာတွေ့မှာလည်းမပိုင် ၊ လက်တွေ့ကြုံတော့မှ အဆင်ပြေသလို ကြည့်လုပ်ကြတာပေါ့ဆိုရင် ဘဝစာမေးပွဲရလဒ်ဟာ ဘယ့်နှယ့်ရှိမလဲ။
အမှားကြီးကြီးမလုပ်မိလို့ ဆိုးရွားမှုကြီးကြီးမားမား မကြုံရရင်တောင် လိမ်ဖယ် လိမ်ဖယ်လေး သွားနေမှာပေါ့။ ဒါကြောင့်မို့လို့ ပွဲမဝင်ခင် အပြင်ကကျင်းပ ၊ အစစ်ကြီးမတိုင်မီ အစမ်းလေ့ကျင့်ရင်း ကလေးမရခင် ကလေးကို နည်းမှန်လမ်းမှန် ဘယ်လိုဆုံးမသွန်သင်သွားရမလဲဆိုတာကို ဖတ်မှတ်ခိုင်းတာပါ။ ကလေးအပြင်ရောက်ပြီဆိုတာနဲ့ ကလေးတာဝန်တွေ ၊ အိမ်တာဝန်တွေများလွန်းလို့ စာဖတ်ချိန်နည်းလာတတ်ပါတယ်။ အထူးသဖြင့် မိခင်တွေပေါ့။
ကလေးကို အလေ့အကျင့်ကောင်းတွေ လေ့ကျင့်ပေးဖို့ဆိုတာ ကလေးနဲ့ အနီးကပ်ဆုံးရှိနေတဲ့ ကလေးမိဘနဲ့ အိမ်ရှိလူကုန် ၊ ကလေးမြင်တွေ့ဆက်ဆံနေရသူတွေဟာလည်း အရေးကြီးနေပါတယ်။ ငါပြောသလိုလုပ် ငါလုပ်သလိုမလုပ်နဲ့လို့ ကလေးကို သွန်သင်ဆုံးမမယ်ဆို ကြောက်ရတဲ့မိဘရှေ့ ကာလအတိုင်းအတာတခုလောက်အထိ မိဘပြောသလိုလုပ်မှာပါ။ ဒါပေမယ့် အမြဲတမ်းဖြစ်နေမှာကတော့ ကလေးဟာ ကိုယ်ပြောသလိုမလုပ်ဘဲ ကိုယ်လုပ်သလို လိုက်လုပ်မှာပါ။
မိဘနှစ်ဦးစလုံးမှာ တကယ်ကို ဒီလိုပြောကျင့် ၊ လုပ်ကျင့်တွေ ရှိမနေဘဲ ကလေးဟာ တခြားဆိုးရွားတဲ့အကျင့်တွေ ပြောနေ ၊ လုပ်နေ ၊ တတ်နေတယ်ဆိုရင် အကျင့်ကူးတာပါ။ ဒီလိုပြောဆိုလုပ်ကိုင်တတ်သူတွေ ကလေးအနားမှာရှိနေလို့ ၊ ဒါမှမဟုတ်ရင် ကလေးကြည့်ရှုနေတဲ့ ကာတွန်းတွေ ၊ ကလေးတက်နေတဲ့ ကျောင်းကနေ ကူးလာတာမျိုးလည်း ဖြစ်နေနိုင်ပါတယ်။ အကျင့်ဆိုးတွေ စွဲစွဲမြဲမြဲလုပ်ဖြစ်သွားတော့မှ ပြင်မယ်ဆိုရင် ပြင်ရခက်တာပေါ့။
ကလေးကို အမြဲလို အရိပ်အကဲကျင့်ပြီး ဆုံးမနေသူက ကလေးအပြောအဆို ၊ အမူအကျင့်တွေ စတင်ပြောင်းလာတာနဲ့ သတိထားမိပါတယ်။ သတိထားမိရင် အချိန်မီပဲ့ပြင်ဆုံးမနိုင်တာပေါ့။ ဒါကြောင့် ကလေးကို ဆိုဆုံးမပဲ့ပြင်တဲ့သူဟာ ကလေးကို အမြဲလိုအချိန်ပေးနိုင်ပြီး ကလေးအရိပ်အကဲကို ကောင်းကောင်းဖတ်ရှု သတိထားနေတဲ့သူ ဖြစ်သင့်ပါတယ်။
ဘယ်အချိန်ကနေစပြီး ကလေးကို လေ့ကျင့်သင်ကြားပေးသင့်သလဲဆို ကလေးမဟုတ်တာ စတင်ပြောဆို ၊ လုပ်ကိုင်နေချိန်ကနေစပြီး မလုပ်သင့်တာတွေ မပြောဆို မလုပ်ကိုင်မိဖို့ ၊ လုပ်သင့်တာတွေ ပြောဆိုလုပ်ကိုင်မိဖို့ ၊ အတုယူသင့်တာတွေ ယူဖြစ်အောင် သင်ပေးပြီး ၊ အတုမယူသင့်တာတွေ ကလေးမှာ အကျင့်ပါမသွားအောင် လေ့ကျင့်သင်ကြားပေးသွားရမှာပါ။
မဟုတ်တာတွေ မလုပ်သေးတဲ့ကလေးကို ဒါမလုပ်ရဘူးလို့ ကြိုဆုံးမထားရင် ဒါလုပ်ချင်အောင် သွယ်ဝိုက်သတိပေးသလို ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် ကြိုတင်စိုးရိမ်ပြီး ဆုံးမတာမျိုးမလုပ်ဘဲ လုပ်တဲ့အချိန်မှ ဒါဟာ မပြောသင့် ၊ မလုပ်သင့်တာ ၊ ဒီလိုပြောဆိုလုပ်ကိုင်မယ့်အစား ဘယ်လိုပြောဆိုလုပ်ကိုင်သင့်တယ်ဆိုတာ ကလေးနားလည်အောင် ၊ အကြောင်းအကျိုးပြပြီး သွန်သင်ဆုံးမပဲ့ပြင်ပေးသွားတတ်ဖို့ လိုပါတယ်။
အနုပညာဆိုတာ ရသမြောက်အနုပညာတခုဖြစ်လာဖို့ စိတ်ကူးပုံဖော်လုပ်ကိုင်ရသလိုမျိုး ကလေးတစ်ယောက်ကို ပဲ့ပြင်ဆုံးမသွားတယ်ဆိုတာ တကယ့်ကိုလေ့းနက်တဲ့ အနုပညာတရပ်ပါ။ ကလေးဆိုတာ ခံစားမှုတွေ ထိလွယ်ရှလွယ် နုနယ်လွန်းတယ်။ ဒီလိုနုနယ်တဲ့ ကလေးငယ်လေးတွေကို ရင့်ကျက်တဲ့အတွေးအခေါ်နဲ့ အပြုအမူတွေ ဘဝတသက်တာလုံးပါသွားအောင် ဦးနှောက်ထဲ ၊ နှလုံးသားထဲ ထည့်သွင်းဆုံးမ ပဲ့ပြင်သွားဖို့ဆိုတာ လွယ်ကူတဲ့အလုပ်လားနော်။ ကျွန်မတို့တွေဟာ ကျွန်မတို့မျိုးဆက်တွေရဲ့နောင်ရေးအတွက် အကောင်းဆုံးအနုပညာကို ရသမြောက်အောင် ပုံဖော်ထုဆစ်သွားကြရမှာပါ။
ရတု (Burmesehearts.com)