မသိခဲ့သောအမှား

0

လမ်းသွယ်ထိပ်မှာ ဦးရဲ့ကားပေါ်ကဆင်းပြီး ခြံထဲဆက်မောင်းသွားမယ့် ကားနောက်မြီးကို ငုဝါခိုင်ငေးရင်း ခပ်ဖြေးဖြေးဆက်လျှောက်လာကာ အနီးရှိတဲ့ ခရေပင်အောက်မှာ ဘာရယ်မဟုတ်ဘဲ ခရေပွင့် လိုက်ကောက်နေမိသည်။

ဦးရဲ့ကားနဲ့ ရှေ့ဆင့်နောက်ဆင့် ခြံထဲရောက်မသွားချင်။ ဒီလိုအချိန်မျိုးမှာ ကိုယ့်ဘာသာ ပိုသိမ်ငယ်မိသည်။ အရင်တုန်းကဆို ခပ်ဝေးဝေးက ဦးရဲ့ကားကို အမှီပြေးလိုက်ပြီး ကားကြုံတင်ဖို့ အမြဲပူဆာနေကျ။ အခုတော့ အတူစီးလာခဲ့တဲ့ကားပေါ်က တမင်နောက်ချန်ဝင်ရတဲ့အဖြစ်။ ဒီသိမ်ငယ်တဲ့ခံစားချက်တွေကို ငုဝါမခံစားချင်ဘူး။

ဦးလို့ငုဝါခေါ်တဲ့ ကိုကို အဏ္ဏ၀ါ က ငုဝါထက် (၇)နှစ်ကြီးပါတယ်။ မောင်နှမသားချင်း မရှိတဲ့ ကိုကို အဏ္ဏ၀ါက ငုဝါကို ကလေးလို့ အမြဲခေါ်တတ်ပြီး ငုဝါကတော့ ဘယ်လိုသင်သင် ငယ်ငယ်ကတည်းက အလွယ်တကူခေါ်ခဲ့တဲ့ ဦးဆိုတာကြီး နှုတ်ကျိုးခဲ့ပြီး သမီးဟုသာ ကိုယ့်အမည်နာမ်စား သုံးခဲ့သည်။

ဦးတို့အိမ်မှာ ဖေဖေက ဒရိုင်ဘာ အလုပ်လုပ်ရင်း အိမ်ဗာလီရကူလုပ်တဲ့ မေမေနဲ့ ရည်ငံခဲ့ပြီး ဦးတို့ အဖိုးအဖွားတွေကပဲ ကမကထလုပ် လက်ထပ်ပေးခဲ့ကာ ခြံထဲဆက်အလုပ်လုပ်ခွင့်ပြုခဲ့သည်။ ဖေဖေနှင့် မေမေအတွက် ခြံထောင့်တွင် ပျဉ်ထောင်အိမ်လေး သပ်သပ်ဆောက်ပေးခဲ့ကာ ငုဝါကိုလဲ မွေးစားသမီးလို ဒီအရွယ်အထိ ပညာသင် စောင့်ရှောက်ပေးခဲ့သည်အထိ ဦးတို့မိသားစုက ငုဝါတို့အပေါ် ကျေးဇူးအများကြီးရှိသည်။

ကစားဖော်မရှိဘဲ တစ်ယောက်တည်း စက္ကူရုပ်တွေနဲ့ ကစားတတ်တဲ့ ငုဝါကို ဦးရဲ့မိဘတွေကပဲ အိုးပုတ်ကစားစရာတွေဝယ်လာပေး၊ အ၀တ်တွေအသစ်ဆင်ပေးနဲ့ တကယ်ကို ငုဝါအပေါ်ကောင်းခဲ့ကြသည်။ ဦးကလည်း ငုဝါစကားမပီကလာ ပီကလာပြောတတ်ကတည်းက သူတလွဲသင်ပေးတိုင်း အဟုတ်လိုက်ပြောတတ်တဲ့ ငုဝါကိုချစ်ကာ ငုဝါစားဖို့ ခြံထဲကသရက်သီးတွေ တံချူနဲ့ကိုယ်တိုင် ခူးပေးခဲ့ဖူးသည်။ ငုဝါကို ချစ်ပေမယ့် ဦးရဲ့မိဘတွေက စည်းကမ်းရှိလှစွာ ငုဝါငယ်စဉ်ကတည်းက ဦးနှင့် ခပ်ဝေးဝေးထားသည်။ ဘာရယ်ကြောင့်ရယ်လို့ ငယ်ငယ်ကငုဝါမသိခဲ့ပေမယ့် အခုလိုကြိုးတွေ လိမ်ရှုပ်ကုန်မှ ကြိုးချင်းငြိမှာစိုးလို့ တမင်သီးသန့်ထားမှန်း သိလာရသည်။

ဒါပေမယ့် ငုဝါတို့ အခြေအနေလွန်ခဲ့ပြီ။ တည်တံ့တဲ့ဦးကို ငုဝါသိတတ်စကတည်းက ကျိတ်ပြီးလေးစားလာခဲ့၍လားမသိ ငုဝါရင်ထဲ ဦးကအမြစ်တွယ်စွဲလမ်းခဲ့သည်မှာ ငယ်စဉ်ကတည်းကပါ။ မျက်လုံးချင်းစကားပြောတတ်စအရွယ်မှာ ငုဝါရဲ့မျက်လုံးစကားတွေက ဦးတစ်ယောက်တည်းအတွက် ဖြစ်ခဲ့သည်။ ရင်ခုန်သံတွေကလဲ ဦးအတွက်ပဲ။ ငုဝါစိတ်ရှိသမျှ ဦးမှဦးပဲ ဖြစ်နေခဲ့သည်။ ဒီတော့လဲ ငုဝါနှင့်ဦး လူကြီးတွေမသိအောင် ငြိခဲ့ကြပါသည်။ ငယ်စဉ်ကတည်းက ဦးဘာပြောပြောအဟုတ်ပဲထင်ခဲ့တဲ့ ငုဝါ ဘ၀ဆိုတဲ့အဓိပ္ပါယ် ဘာရယ်လို့မသိခင် အချစ်နယ်ထဲ ဦးနဲ့လွတ်လပ်စွာ ခိုးပျံသန်းရင်း ငုဝါတို့ အချစ်နယ်လွန်ခဲ့သည်။

ငုဝါထက်ပိုသိတဲ့ဦးက ငုဝါတို့ အနေလွန်ခဲ့ပြီးတဲ့နောက်လမှာ ငုဝါကို ဓမ္မတာမှန်၊ မမှန်မေးတော့ ဘာရယ်ကြောင့်မေးတယ်မသိတဲ့ငုဝါ ရှက်ရှက်နဲ့ မဖြေခဲ့ဘူး။ အရေးကြီးတယ်လို့ ဦးပြောတာ ဘာမှန်း ငုဝါတကယ် မသိခဲ့ပါဘူး။ တစ်နေ့တော့ ဦးက ငုဝါကို တစ်နေရာမှာချိန်းပြီး ပြင်ပဆေးခန်းမှာ ဆီးသွားစစ်ပါတယ်။ အသက်၁၈နှစ် ဒီရက်ပိုင်းကမှ ပြည့်တယ်ဆိုပေမယ့် ဖြူဖြူနဲ့သေးညှက်ညှက် ငုဝါကို ဆရာဝန်မက ၁၈နှစ်ပြည့်တာမယုံလို့ မှတ်ပုံတင်တောင် ငုဝါက ထုတ်ပြခဲ့သေးတယ်။ ဦးကြိုသင်ထားတဲ့အတိုင်း လင်မယားလို့ ဆရာဝန်မကိုလဲ ငုဝါက ရဲရဲညာပြောခဲ့သေးတယ်။ ဦးကဆရာဝန်မကို ဘာစစ်ချင်တယ်လို့ပြောတော့ ဘာစစ်မယ်မှန်း မသိတဲ့ငုဝါကို ငတုံးမလို့သာ ခေါ်ကြပါတော့။ ဆီးထည့်တဲ့ပုလင်းငယ်ထဲ ဆီးထည့်ပြီး မိနစ်ပိုင်းအတွင် ထွက်လာတဲ့အဖြေက “Positive” တဲ့။

ဆီးစစ်ချက်အဖြေလွှာ စာရွက်ကို ဦးလက်ထဲက ငုဝါဆွဲလုပြေးပြီး လိုက်လုဖို့စနေပေမယ့် အရင်လို လိုက်မလုဘဲ မျက်နှာပျက်နေတဲ့ ဦးကို ငုဝါကတောင် စိတ်ဆိုးခဲ့ပါသေးတယ်။ ကားပေါ်ရောက်မှ ငုဝါရဲ့ဗိုက်ထဲ ကလေးရှိနေပြီလို့ ဦးပြောတော့ ငုဝါပထမတော့ ကြောင်တောင်တောင် ဖြစ်သွားတယ်။ သတိပြန်ဝင်လာတော့ စိတ်လှုပ်ရှားတယ်။ ပြီးတော့ ငုဝါနဲ့ဦးရဲ့ကလေးဆိုတဲ့အသိနဲ့ ကြည်နူးတယ်။ “တကယ်” လို့ ပြန်မေးရင်း ငုဝါပျော်နေခဲ့ပါတယ်။

ဦးက အချိန်မတန်သေးဘူး လို့ပြောပြီး မှုန်မှိုင်းတဲ့မျက်နှာနဲ့ ကားကိုဂရုစိုက်မောင်းနေခဲ့ပါတယ်။

နောက်တစ်နေ့မှာ ဦးကငုဝါကိုထပ်ချိန်းပြီး “Ultrasound” ရိုက်ခိုင်းပါတယ်။ ရှိနေတာသေချာရင် ဖျက်ရမယ်လို့ပြောပြီး ရေသောက်နည်းတဲ့ငုဝါကို ရေဗူးကြီးတ၀က်နီးပါး သောက်ခိုင်းတော့ ငုဝါအန်လုမတတ်သောက်ခဲ့ပြီး “Ultrasound ရိုက်မဲ့အခန်းထဲ ၀င်ခဲ့ပါတယ်။ ဆရာဝန်က ရှိနေတယ်တဲ့။ သုံးပတ်ရှိပြီတဲ့။ ငုဝါမှာဦးရဲ့ရင်သွေးလေးရှိနေပြီဆိုတဲ့ ခံစားချက်က ငုဝါကိုရင်ထဲသိမ့်ခနဲနွေးအောင် ပျော်စေခဲ့ပေမယ့် “ရှိနေတာသေချာရင်ဖျက်ရမယ်” ပြောခဲ့တဲ့ ဦးစကားကို ပြန်သတိရတော့ ဆရာဝန်ထိုင်နေတဲ့ခုံရှေ့ကြမ်းပေါ် ဒူးတုတ်ထိုင်ချလိုက်ပြီး ကန်တော့လိုက်ပါတယ်။

“ကျေးဇူးပြုပြီး သမီးကို မရှိဘူးဆိုတဲ့မှတ်ချက်ရေးပေးပါလား။ ကလေးအဖေက ကလေးကို  ဖျက်ချမယ်တဲ့။ သမီးရဲ့ ကလေးကို သမီးလူဖြစ်အောင်မွေးပြီး ပြုစုစောင့်ရှောက်ချင်တယ်။ ဆရာကူညီပေးပါ။ သမီးရဲ့ကလေးကိုကယ်ပါ။”

ပြောပြီး ငုဝါတအိအိငိုရင်း ဆရာဝန်ကို ထပ်ခါထပ်ခါ ကန်တော့နေခဲ့မိသည်။

ငုဝါကိုသနားတဲ့အကြည့် ကျဉ်းထဲကျပ်ထဲရောက်နေတဲ့အကြည့်နဲ့ ဆရာဝန်က မငိုဖို့ပြောရင်း စိတ်ကျဉ်းကျပ်စွာ သက်ပြင်းချခဲ့သည်။

“တို့ဆရာဝန်တွေဆိုတာ ဒီလိုလိမ်လို့မကောင်းဘူး။ ဒါ့အပြင် စက်ကိရိယာတွေနဲ့ စစ်ဆေးထားတာ လိမ်ပြောပြီး နောင်မှာအရှုပ်အရှင်းတွေ ဖြစ်လာခဲ့ရင်လဲ မကောင်းဘူး။”

“မဖြစ်စေရပါဘူးဆရာ။ သမီးတာဝန်ယူပါတယ်။ သမီးကလိမ်ခိုင်းခဲ့တာ။ သမီးကိုယ်တိုင် ကလေးကိုကယ်ချင်လို့ လိမ်ခဲ့တာလို့ ပြောပါ့မယ်။သမီးရဲ့ကလေးကိုကယ်ပေးပါဆရာ။ သူ့အဖေသိရင်ဖျက်ချမယ်လို့ ပြောထားလို့ပါ။”

“ကောင်းပြီလေ။ သမီးကိုသနားလို့ မှတ်ချက်မှာ ဆရာ မရှိဘူးရေးထားမယ်။ ကိုယ့်ကိုယ်ကိုရော ကလေးကိုရော ကောင်းကောင်းဂရုစိုက်ပါ။”

“ကျေးဇူးအများကြီးတင်ပါတယ် ဆရာ။”

ဆရာဝန်ကို ထပ်ခါထပ်ခါဦးချရင်း ကျေးဇူးတနင့်တပိုး တင်နေမိသည်။ အခုဆို ဦးက ငုဝါရဲ့ကလေးကို သူဖျက်ချင်သလို ဖျက်လို့မရတော့ဘူး။ ငုဝါကလေး ငုဝါပိုင်သွားပြီ။

ငုဝါအခန်းပြင်ထွက်လာခဲ့တော့ ဒွိဟစိတ်နဲ့စောင့်ကြည့်နေခဲ့တဲ့ ဦးကိုတွေ့လိုက်တော့ ပြုံးပြလိုက်ပြီး

“မရှိဘူးလို့ပြောတယ်။ ဒီမှာဆေးစာရွက်”

ဆေးစာရွက် ဦးကိုလှမ်းပေးလိုက်တော့ စိတ်ပေါ့သွားတဲ့မျက်နှာနဲ့ ဦးက ငုဝါရဲ့ခေါင်းကို လှမ်းပုတ်သည်။

“ဒါဖြင့် ဘာလို့ငိုထားတာလဲ။ ဆေးထိုးမှာကြောက်လို့လား။”

“ငိုမထားပါဘူး။ ဘယ်သူကငိုလို့လဲ။”

“လာလိမ်နေသေးတယ်။ ဒီလောက် မျက်စိတွေ၊ နှာခေါင်းတွေရဲနေတာကို မငိုထားဘူးကလာသေးတယ်။ ကလေးမရှိလို့ပေါ့။ ရှိရင်ကလေးတောင်ရနေပြီ။ အခုထိ ကလေးဆန်ချင်သေးတုန်း။”

“ဘာဖြစ်လဲ ကလေးကိုလာကြိုက်ထားပြီးတော့။ ကလေး ရှိရှိ၊ မရှိရှိ ကလေးက ကလေးပဲ။”

“ဟ.. ဘယ်က ကလေးဟုတ်တော့မှာလဲ။ ကလေးရှိနေရင် ကလေးအမေဖြစ်သွားပြီ။ ကလေးမဟုတ်တော့ဘူး။”

ပြောရင်းပေါ့ပေါ့ပါးပါးရယ်ပြီး ကားမောင်းနေတဲ့ဦးကို မျက်စောင်းထိုးကြည့်လိုက်ကာ ရင်ထဲမှာ လေးနေသည်။ ဟုတ်တယ်။ ငုဝါက ကလေးမဟုတ်တော့ဘူးဘဲ။ ကလေးလေးကို ၀မ်းမှာလွယ်ထားတဲ့ ကလေးအမေဖြစ်နေပြီ။ တွေးရင်း လက်ကယောင်လမ်း၍ ကိုယ့်ဗိုက်ကိုယ်ပြန်စမ်းမိသည်။

“ကလေး တကယ်မရှိတာ ဟုတ်ရဲ့လား။”

“အဖြေစာရွက်ပေးထားတာပဲ။ ဆရာဝန်ပြောတဲ့အတိုင်းပြောတာပဲဟာ။”

“ကလေးနော် ကိုယ့်ကို လိမ်ဖို့မကြိုးစားနဲ့။ မျက်စိအောက်မှာတင် လူဖြစ်လာသူက ဟွင်း…. ကြည့်လိုက်တာနဲ့ ဗိုက်ထဲအူဘယ်နှခွေလဲမပြောနဲ့ ကြံနေတာကအစ အကုန်သိတယ်။ မှန်မှန်ပြော။”

“ဘာလိမ်ရမှာလဲ။ အမှန်အတိုင်းပြောတာပဲ။ ဒီမှာစိတ်ညစ်နေတဲ့ဟာကို။”

“အဲ့ဒါပြောတာပေါ့။ ဘာစိတ်ညစ်စရာရှိတော့လို့လဲ။ အရင်အတိုင်းပဲ ပျော်ပျော်ပါးပါးဖြစ်ရမယ့်ဟာ။ စိတ်ညစ်နေတယ်ဆိုကတည်းက တစ်ခုခုတော့လွဲနေလို့ပဲ။ ဒါဆို မနေ့က ဆီးစစ်ချက်မှာ ဘာလို့ Positive ရေးထားလဲ။ အဖြေမှားတာလား။”

“ဒါတော့ဘယ်သိပါ့မလဲ။ ဦးပဲ ဒီ Ultrasound က ပိုမှန်တယ်ဆို။ ဒီမှာမရှိဘူးပြောနေပြီပဲ။ ပြီးပြီပေါ့။”

“အေးနော်။ ကိုယ့်ကိုလိမ်ပြီး ကလေးတွေးနဲ့လုပ်မယ် မစဉ်းစားနဲ့။ အကုန်လုံးပြဿနာတက်ကုန်မှာ။ ဒါက ဖုံးထားလို့ရတဲ့ကိစ္စမဟုတ်ဘူး။ ပေါ်ကိုပေါ်မယ့်ကိစ္စ။ ကလေးတစ်ယောက်တည်းလဲ ဘယ်လိုမှ မဖြေရှင်းနိုင်ဘူး။”

“ကလေးမရှိပါဘူးဆိုမှ ဘာတွေဖြစ်နေလဲမသိဘူး။ ကလေးရှိတော့ရောဘာဖြစ်လဲ။ သူများတွေ ဒီလိုပဲ တစ်ခုလပ်ဘ၀နဲ့ ကလေးမွေးနေတာပဲဟာ။ လျှောက်ပြောနေတယ်။”

“ဘာလဲ ကလေးက တစ်ယောက်တည်း ကလေးမွေးဖို့ကြံနေတာလား။”

ပြောပြီး ကားဘရိတ်ဆောင့်အုပ်လိုက်သဖြင့် ငုဝါ ဟပ်ထိုးဟပ်ထိုးဖြစ်သွားသည်။

“ဒီမှာ ကလေးကို ကြိုပြောထားမယ်နော်။ ဒီလိုအတွေးရှိနေလို့ကတော့ အခုကတည်းက ဒီမှာလွှင့်ပစ်ထားခဲ့။ သူများတွေဘယ်လိုမွေးမွေး ကလေးက သူများတွေလိုမဟုတ်ဘူးဆိုတာ မြဲမြဲမှတ်ထား။ ဒီလောက်ပြောထားရက်နဲ့မှ ကလေးဘာသာကလေး လုပ်ချင်ရာလုပ်ရင် ကိုယ်လဲ လုပ်ချင်ရာလုပ်မှာပဲ။”

“ဘာလုပ်မှာလဲ။”

“ကလေးက ကိုယ်မသိအောင်ကလေးမွေးရင် ကိုယ်က တွေ့တဲ့လူမှန်သမျှ လိုက်သတ်ပြီးထောင်ထဲဝင်မယ်။ ကလေးက တစ်ယောက်ပဲမွေးမှာ ကိုယ်ကတော့ မြင်သမျှလိုက်သတ်မှာ။”

“ရူးများနေသလားမသိပါဘူး။”

“ရူးရူး၊ မရူးရူး မှန်မှန်ပြော။ ကလေးရှိလား၊ မရှိဘူးလား။”

“မရှိဘူး။”

“မျက်နှာကို ဟိုဒီလွှဲမဖြေနဲ့။ ကိုယ့်ကိုကြည့်ပြီးဖြေ။ ကလေးမရိုးဘူးဆိုတာ ကိုယ်အလိုလိုသိနေတယ်။ မှန်မှန်ဖြေ။ ကလေးရှိလား။ မရှိဘူးလား။”

ဦးက ငုဝါမေးစေ့ကို လက်နှစ်ဖက်ဖြင့် ကိုင်ထားပြီး သူ၏မျက်လုံးများကို စေ့စေ့ကြည့်ဖြေဖို့မေးနေတာမို့ အတူတူကြီးလာခဲ့သည့်သူ၊ ငုဝါကိုယ်တိုင်က ဦးကို ပိပိရိရိ လိမ်မရသည်မို့ မျက်ရည်များသာ စီးကျလာခဲ့သည်။ အံ့သြသွားတဲ့ဦးက ငုဝါမျက်နှာကို ကိုင်ထားတဲ့ လက်နှစ်ဖက်ကို လွှတ်ချလိုက်ကာ ကားစတီယာရင်ကို တဘုန်းဘုန်းနှင့် ထိုးနေတော့သည်။ ဦးကို ဒီလိုတစ်ခါမှမမြင်ဖူးလို့ ကြောက်တာကော၊ ငုဝါကိုယ်တိုင်လဲ ဘာလုပ်ရမှန်းမသိတာကောမို့ ငုဝါလဲငိုနေမိသည်။

“ကလေးဘာလို့ ကိုယ့်ကို လိမ်တာလဲ။”

“ဦးကဘာလို့ သမီးတို့ကလေးကို ဖျက်ချမယ်ပြောလဲ။”

“ဒါဆိုအခု ဘာလို့ အမှန်အတိုင်းပြောသေးလဲ။ အဆုံးထိ လိမ်လိုက်ပါလား။”

“ဦးကဘာလို့ လူတွေသတ်မယ်ပြောလဲ။ ဦးသိထားဖို့က ဦးကိုချစ်လို့ ဒီကလေးဆိုတာဖြစ်လာတာ။ ဒီကလေးမွေးမိလို့ လူတွေလိုက်သတ်ပြီး ဦးရဲ့ဘ၀ပျက်တာ သမီး ဘယ်ကြည့်နေနိုင်မှာလဲ။ ဒါကြောင့် ဆက်မလိမ်တော့တာ။”

“လိမ်ပြီးတော့ ဘာဆက်လုပ်မယ်တွေးလဲ။”

“သမီးမှာ စုထားတဲ့ မုန့်ဖိုးတချို့ရှိတယ်။ မေမေဆင်ထားတဲ့ လက်ဝတ်လက်စားအချို့ရှိတယ်။ ဒါတွေယူထွက်ပြေးပြီး အဆင်ပြေရာလုပ်စားရင်းနဲ့ ကလေးမွေးမှာပေါ့။ သမီးကလေးအတွက် သမီးမှာအင်အားတွေရှိတယ်။ သမီးက ဦးထင်သလောက် ကလေးမဆန်ဘူး။ ဗိုက်ထဲကကလေးက သမီးကိုကြံ့ကြံ့ခိုင်ဖို့ ခွန်အားတွေပေးနေတယ်။ ဦးနဲ့သမီးရဲ့သွေးကို သမီးမွေးချင်တယ်။ ဦးကိုချစ်သလို သူ့ကိုလဲအရမ်းချစ်တယ်။”

“ချစ်ရအောင် သိတာဘယ်နှစ်ရက်ရှိသေးလို့လဲ။”

“ဘယ်နှစ်ရက်ပဲရှိရှိ သိတာနဲ့ချစ်တာပဲ။”

“အခု ဆရာဝန်က ဘာပြောလဲ။ အမှန်အတိုင်းပြော။”

“သုံးပတ်တဲ့။ ဆရာဝန်ကို သွားဒုက္ခမပေးနဲ့နော်။ သမီး သတ်သေလိုက်မှာ။ သမီးက သူ့ကိုတောင်းပန်ပြီး လိမ်ခိုင်းခဲ့တာ။ သူနဲ့ဘာမှမဆိုင်ဘူး။”

“သုံးပတ်ဆိုတာ သွေးခဲဘဲရှိသေးတယ်။ လူလုံးတောင်မပေါ်သေးဘူး။ အဲဒါကလေးသိလား။ ဒီအချိန်မှာဖျက်ရင် သွေးခဲကသွေးပြန်ဖြစ်ပြီး အရင်လိုရာသီပေါ်တာပဲ။ ကလေးရုပ်လုံးပေါ်မှဖျက်တာမျိုးမဟုတ်ဘူး။”

“သွေးခဲပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် ကလေးဖြစ်လာမယ်မှန်း သိရက်နဲ့ သမီးဖျက်ဖို့ သဘောမတူနိုင်ဘူး။”

“ကလေးမဖျက်ရင် ကိုယ်လဲလူတွေသတ်မယ့် အစီအစဉ်မပြောင်းဘူး။ အဲဒါမြဲမြဲမှတ်။”

“လာခြောက်မနေနဲ့။ သမီးဖျက်မချနိုင်ဘူး။”

“ခြောက်နေတာမဟုတ်ဘူး။ တကယ်ပြောတာ။ မယုံရင်ကြည့်သွား။ အေး… ကလေးမွေးမယ်ဆိုတဲ့ စိတ်ပြောင်းခဲ့ရင် မနက်ဖန် တွေ့နေကျနေရာကို တွေ့နေကျအချိန်လာခဲ့။”

ဦးရဲ့ ကလေးဖျက်ချင်တဲ့စိတ်ဟာ ငုဝါကို လမ်းထိပ်မှာ ချပေးခဲ့တဲ့အထိ မပြောင်းခဲ့ဘူးနော်။ ခြံတံခါးဖွင့်ပြီး ကောက်လာတဲ့ ခရေပွင့်တွေကို အရင်လို ဘုရားတင်ဖို့၊ မေမေပန်ဖို့ မသီပေးဖြစ်တော့ဘဲ ဟန်မပျက်ရေချိုး၊ ထမင်းစားကာ အိပ်ယာစောစောဝင်ခွေပြီး မဂ္ဂဇင်းဖတ်ရင်း အိပ်ပျော်သွားသလို မျက်နှာပေါ် မဂ္ဂဇင်းမှောက်ရင်း အိပ်ချင်ဟန်ဆောင်နေဖြစ်သည်။

“သြော် ဒီကလေးမလေးနှယ် စောစောစီးစီး အိပ်သွားပြီ။ တရေးနိုးမှ အိပ်မရဘဲ အိုးခွက်လှန်ရှာစားဦးမယ်။”

မေမေက တဖျစ်တောက်တောက်ပြောပြီး ငုဝါမျက်နှာပေါ်က မဂ္ဂဇင်းစာအုပ်ကိုဖယ် ဘေးချထားလိုက်ကာ ငုဝါကိုယ်ပေါ် စောင်ပါးလေးခြုံ၊ ခြင်ထောင်ချပေးသွားခဲ့သည်။ အရင်ကလဲ ဒီလိုလုပ်ပေးနေကျဖြစ်ပေမယ့် မေမေ့မေတ္တာကို မခံစားတတ်ခဲ့။ အခု ငုဝါဗိုက်ထဲမှာ ကလေးရှိနေပြီလို့ ဗြုန်းခနဲသိလာရတော့ မေမေပေးတဲ့မေတ္တာ၊ ဖေဖေပေးတဲ့မေတ္တာကို ပိုမြင်ပြီးခံစားတတ်လာသည်။

ဖေဖေ့လို ဦးက ဘာလို့ ငုဝါဗိုက်ထဲက ကလေးကိုမချစ်နိုင်တာလဲ။ ဖေဖေက မေမေ့ကိုချစ်သလို ဦးကငုဝါကို မချစ်လို့လား။ ဦးသာ ငုဝါကိုချစ်ရင် ငုဝါဗိုက်ထဲက ကလေးကိုလဲချစ်မှာပဲ။ ဒါဆို ဖျက်ချခိုင်းမှာ မဟုတ်ဘူး။ ဦးသာ စိတ်ပြောင်းပြီး ငုဝါကို ကလေးဖျက်မချခိုင်းတော့ရင်၊ ငုဝါနဲ့ဦး အတည်တကျလက်ထပ်ဖြစ်ရင်၊ ပြီး သိပ်မကြာခင် ငုဝါတို့ရဲ့ကလေးလေးမွေးရင် လောကကြီးက သိပ်နေပျော်စရာကောင်းသွားမှာပဲ။

မနက်ဖန်မှာ ဦးစိတ်မပြောင်းခဲ့ရင် ငုဝါရဲ့ စိတ်က တမင်ပြောင်းယူရတော့မှာ။ အဲဒီအခါ ကလေးလေးကို ဦးက ဖျက်ချပစ်ခိုင်းတော့မှာ။ ရင်ထဲမှာတွေးရုံနဲ့ နာကျင်ပြီး မျက်ရည်များကျလာခဲ့သည်။

မနက်ဖန်ဆိုတာ အရာရာဖြစ်နိုင်တာမို့ ကောင်းခြင်း၊ ဆိုးခြင်းကို လိုချင်ချင်၊ မလိုချင်ချင် လက်ခံရမှာပဲ။ ဒါပေမယ့် မရောက်သေးတဲ့ မနက်ဖန်ကိုတွေးပူပြီး ရောက်နေတဲ့ လက်ရှိအချိန်တွေမှာ ငုဝါပူလောင်စွာ ငိုကြွေးမနေချင်တော့ဘူး။ အခု ငုဝါဗိုက်ထဲမှာ ကလေးလေးရှိတယ်။ ငုဝါငိုနေရင် သူလဲဝမ်းနည်းနေမှာ။ ပိတ်ခြင်ထောင်ထူထူကြောင့် အပြင်က မမြင်နိုင်သည်မို့  ဗိုက်ကလေးကိုလှန်လိုက်ကာ ကိုယ့်ဗိုက်ကိုယ် ထိတွေ့ရင်း အထဲက ကလေးလေးကိုထိတွေ့ရသလို ခံစားရင်း ကြည်နူးလာသည်။

“ဒီဗိုက်ပိန်ပိန်လေးထဲမှာ ကလေးက ရှိနေတာ သုံးပတ်ရှိပြီလား။ အမေ မသိလို့ ပြေးလွှားခုန်ပေါက်မိခဲ့တာပါ။ ကလေး ပင်ပန်းနေခဲ့လား။ ကလေးရယ်…. မမြင်ရသေးခင်ကတည်းက ကလေးကို အမေစိတ်လှုပ်ရှားတကြီး ချစ်ခဲ့တယ်။ ကလေးအတွက် မျက်ရည်တွေ စတေးခဲ့တယ်။ ဘာပဲဖြစ်ဖြစ် မနက်ဖန်ဆိုတာ ဘာမဆိုဖြစ်နိုင်တာမို့ တို့တတွေ မေ့ထားကြမယ်နော်။ အခု ကလေးရယ်၊ အမေရယ် လုံလုံခြုံခြုံလေးရှိနေပါတယ်။ ကလေးရယ်…. အမေ ကလေးကို ကာကွယ်သွားချင်လိုက်တာ။ ကလေးအဖေက ကလေးကို မလိုချင်ဘူးတဲ့။ မနက်ဖန်ဆိုတာကို အမေအာမ မခံနိုင်ပေမယ့် ဒီညမှာ ကလေးကို အမေ့အချစ်တွေ စုပြုံပေးရင်း ထွေးဖက်ထားမယ်နော်။ ကလေးလုံခြုံပါတော့နော်။”

ငုဝါပါးစပ်က တိုးဖွဖွ တွတ်တွတ်ပြောရင်း ငုဝါရဲ့ ဗိုက်ပိန်ပိန်လေးကို ပြန်ထွေးဖက်ထားလိုက်သည်။ အခု ငုဝါရယ်၊ ကလေးရယ် လုံခြုံနေပါတယ်။ မနက်ဖန်ရောက်လာရင်တော့…….

ဥသြမေ (Burmesehearts.com)

You might also like