ယုန်မလေး၏ရှိုက်သံ

0

သူမ၏နာမည်ဆန်းနှင့် အေးဆေးရိုးသားသော စိတ်သဘောထားသွင်ပြင်ကြောင့် ကျွန်တော်ကသူမအား ယုန်မလေးဟုအမည်ပေးထားသည်။ ယုန်မလေးအား သူမအသံကြားကတည်းက ကျွန်တော်ချစ်ခဲ့ရသည်ဟုဆိုလျှင် ကျွန်တော့်အားလွန်တယ်ဟု ဆိုလေမလား။ စကားနည်းသည်ဟု လူတိုင်းလက်ခံထားသည့် ကျွန်တော့်မှာ အစ်ကို့နာမည်ကို ဖုန်းခေါ်ဆိုမေးမြန်းလာခဲ့သော ယုန်မလေး၏အသံကို ကြားလိုက်သည့် ခဏဝယ် မရှိဘူးဟုဆိုပြီး ဖုန်းချလိုက်လို့ရပေမယ့် အရင်လိုဖုန်းမချလိုက်နိုင်ဘဲ ဘယ်သူလဲ၊ ဘာမှာခဲ့မလဲဖြင့် အရစ်ရှည်တတ်ခဲ့သည်။

ထို့ကြောင့်လဲ သူမ၏နာမည်မှာ ရွှေယုန်လေးဖြစ်ကြောင်း သိခဲ့ရသည်။ မမှာတော့ပါဘူးဟုပြောပြီး ဖုန်းချသွားသည့် ယုန်မလေးနှင့်တိုတောင်းလှသည့် စကားပြောချိန်အား အားမလိုအားမရနိုင်စွာ ဖုန်း Directory စာအုပ်မှတဆင့် သူမဆက်လာသော ဖုန်းနံပါတ်နှင့်လိပ်စာကို ကောက်ရေးထားလိုက်ပြီး မိမိကိုယ်နှင့်မကွာယူနေကျ လက်ကိုင်အိတ်ထဲ မှတ်မှတ်ရရ သိမ်းထားမိသည်။

ယုန်မလေး၏အသံကို ထပ်ပြီးကြားလိုစိတ်အား မထိန်းနိုင်သည့်အဆုံး ထိုဖုန်းနံပါတ်အားကောက်ဆက်ကာ ယုန်မလေးအား ခေါ်ခိုင်းလိုက်မိသည်။ တဘက်မှထူးလာသည့် အမျိုးသမီးကြီးက ယုန်မလေးအားရှစ်လွှာမှ ခေါ်ရမည်ဖြစ်သောကြောင့် ခဏစောင့်ပါရန်ပြောသည်။ ယုန်မလေးဖုန်းထူးသံကိုစောင့်ရင်း တစ်ခါမှဝုန်းဒိုင်းကြဲအောင် မခုန်ခဲ့ဖူးသည့် မိမိရင် ယခုလို ပထမဆုံးခုန်နေခြင်းအားကျေနပ်နေမိသည်။ ကျွန်တော်အခုမှသေချာသွားသည်။ ကျွန်တော်ယုန်မလေးကို အသံကြားရုံဖြင့် စိတ်လှုပ်ရှားခဲ့ပြီပဲ။

ဟယ်လိုဟုမောက်ဟိုက်သံပြင်းပြင်းလေးဖြင့် ထူးလာသည့် ယုန်မလေးအသံကိုကြားတော့ ဘယ်လောက်တောင်မောလေလိမ့်မလဲဟု ခံစားမိရင်း ခေါ်ခိုင်းမိသည့် မိမိကိုယ်ကိုပဲ ကျိတ်ဒေါသထွက်မိသည်။ ယုန်မလေးခမျာ ရှစ်လွှာကတောင် အမောတကောဆင်းကိုင်ရတာ မဟုတ်လား။ ဤတစ်ခါ ယုန်မလေးဆီ ဖုန်းခေါ်ခြင်းသည် ပထမဆုံးနှင့် နောက်ဆုံးအကြိမ်ဖြစ်ရစေမည်ဟု မိမိဘာသာဆုံးဖြတ်လိုက်သည်။ ယုန်မလေးကို ကျွန်တော့်ကြောင့် မမောပန်းစေချင်။

“ဟယ်လို ဘယ်သူလဲဟင်။”

ဒုတိယအကြိမ်မေးလဲ ကျွန်တော်မဖြေမိဘဲ မျက်စိမှိတ်ပြီး သူမ၏အသံချိုအေးအေးကိုသာ အလွတ်ကျက်နေမိသည်။ ကျွန်တော်ဘယ်သူပါပြောလို့လဲ သူမနှင့် ကျွန်တော်သိနေပြီးသူတွေမှမဟုတ်တာ။ ကျွန်တော့်အစ်ကိုနာမည်လဲ ကျွန်တော်ဆွဲမသုံးချင်။

ဘာကိစ္စမှမရှိဘဲ အသံကြားရုံသက်သက် ဆက်ခဲ့သူမို့ ဘာမှလဲပြောစရာမရှိ။

“ဖုန်းများမှားနေသလား။ အန်တီ ကျွန်မနာမည်နဲ့ ခေါ်တဲ့ဖုန်းတော့ ဟုတ်ပါတယ်နော်။”

အနီးအနားသို့ လှည့်မေးနေဟန်တူသည့် ယုန်မလေးအသံကို သဘောကျမိရင်း ဖုန်းခေါ်ပေးသည့် အမျိုးသမီးကြီးလာမကိုင်ခင် ချမှဟုတွေးကာ ဖုန်းပုခက်ကို နှမျောစွာနှိပ်ချလိုက်သည်။ ယုန်မလေးအသံကို ဒုတိယအကြိမ်နားထောင်ပြီးတော့ ယုန်မလေးကို တွေ့မြင်ဖူးချင်သည့် ကျွန်တော့်၏ဝေဒနာများက ပိုတက်လာသလိုထင်ရသည်။

ပိုက်ဆံအိတ်နှင့် ကားသော့ကောက်ယူလိုက်ပြီး Directoryထဲမှ လိပ်စာအတိုင်း ကားမောင်းထွက်လာလိုက်သည်။ ခုနကအမျိုးသမီးကြီးပြောခဲ့သည့် ရှစ်လွှာဆိုသောစကားအရ လိပ်စာအတိုင်းမြင်ရသည့် ရှစ်ထပ်တိုက်မှာ ယုန်မလေးတို့ တိုက်ဖြစ်လောက်သည်။ တိုက်၏မလှမ်းမကမ်း သစ်ပင်အောက်တွင် ကားရပ်လိုက်ပြီး သစ်ပင်အောက်မှ ဟိုလိုဒီလိုဖြင့် ယုန်မလေးတို့ ရှစ်ထပ်တိုက်ကို မော့ကြည့်မိရင်း ယုန်မလေး အခန်းက ဘယ်လား၊ ညာလား မသိပေမယ့် ၀ရန်တာတွင် ပန်းအိုးများဖြင့် စိုက်ထားသော အပင်စိမ်းစိမ်းများကိုမြင်လျှင် ယုံမလေးအခန်းပဲဖြစ်ရမည်ဟု စိတ်ထဲကအလိုလိုယုံကြည်မိရင်း ထိုအခန်းကိုကြည့်ကာ ရင်ခုန်လာသည်။

အိမ်ပြန်လမ်းတလျှောက်တွင် ယုန်မလေး၏ မမြင်ဖူးသည့်အသွင်ကို စိတ်ကူးဖြင့်ပုံဖော်ရင်း စိတ်ထဲအလိုလိုပျော်နေသည်။ ယုန်မလေးအသံက နုလွန်းသဖြင့် ကျွန်တော့်ထက်ငယ်မလား ၊ အစ်ကို့သူငယ်ချင်းဆိုတော့ အစ်ကိုနှင့်ရွယ်တူလား၊ ဘာလုပ်လဲစသည်ဖြင့် စဉ်းစားမိရင်း ကျွန်တော်မတွေးခဲ့မိသည့် အတွေးတစ်ခုဝင်လာကာ ဘရိတ်ပင် အမှတ်တမဲ့ဆိုသလို ဆောင့်အုပ်မိသွားသည်။ ယုန်မလေးကကျွန်တော့်အစ်ကိုနှင့် ဘယ်လိုများပတ်သက်နေပါသလဲ။

ကျွန်တော်က ဆယ်တန်းပြီးကတည်းက အင်တာနက်ဆိုင်အပျော်ထောင်ရင်း စီးပွားဖြစ်လာကာ ယခုဆို စာအုပ်ထုတ်ဝေသောကုမ္ပဏီကို ငယ်ငယ်ရွယ်ရွယ်နှင့် ပိုင်ဆိုင်နေပေမယ့် အစ်ကိုက ဟိုယောင်ယောင် ဒီယောင်ဖြင့် ပွဲစားလိုလို၊ အိမ်ကစီးပွားကူးသလိုလိုဖြင့် လွတ်ပြီးကောင်မလေးများအား ထည်လဲတွဲသူဟု နာမည်ကြီးလှသည်။

ယုန်မလေးသာ အစ်ကို့ရည်းစားများထဲက တစ်ယောက်ဟုဆိုလျှင်……ကျွန်တော်ဆက်မတွေးရဲတော့။ မဖြစ်ပါစေနှင့်ဟုဆုတောင်းရင်း အိမ်သို့ပြန်မောင်းလာခဲ့သည်။

အိမ်သို့ရောက်ရောက်ချင်း ထမင်းစားခန်းထဲ၌ ထမင်းစားနေသော ကျွန်တော့်အစ်ကို ရွှေသွေးအောင်ကို တွေ့သဖြင့် ထမင်းစားခန်းထဲဝင်သွားလိုက်ပြီး ရေခဲသေတ္တာထဲမှရေကို သောက်ရေခွက်ထဲထည့်လိုက်ရင်း

“ကိုရွှေသွေး ယုန်ဆိုလား ဘာလားမသိဘူး မကြာသေးခင်ကဖုန်းဆက်တယ်။”

“အေးကွာ။ ကျေးဇူးပဲ။ ပြီးမှပြန်ဆက်လိုက်မယ်။”

ရွှေသွေးအောင်က ဘာမှအရေးမကြီးသလိုမျက်နှာဖြင့် ထမင်းဆက်စားနေသဖြင့် သူတို့ပတ်သက်မှုကို မအောင့်အီးနိုင်စွာ သိချင်သည့် ကျွန်တော့်မှာ နေမထိထိုင်မသာရှိလှသည်။

“သူက စော်တွေထဲက တစ်ယောက်ပဲလား ။”

ကျွန်တော်က သောက်ပြီးစရေခွက်ကို ဘုံဘိုင်တွင်ကျင်းလိုက်ရင်း သိလိုစိတ်ထိန်းမနိုင်စွာမေးမိတော့သည်။ ရွှေသွေးအောင်က ကျွန်တော့်အား

အနည်းငယ်အံသြသွားသလိုကြည့်ရင်း

“မဟုတ်ပါဘူးကွာ။ ဘော်ဒါကဏ္ဍဆိုပါစို့။”

ဟု ခပ်ဖော့ဖော့ပြောသည်။ ဒါပေမယ့် ရွှေသွေးအောင်က ရည်းစားတွေတောင် ပေးဖို့အချိန်မလောက်တာမို့ မိန်းကလေးဘော်ဒါများ အတွက်တော့ ၎င်းအချိန်ဖဲ့ပေးနိုင်မည်မဟုတ်။

နောက်နေ့တွင် မနက်(၈)နာရီကတည်းက ယုန်မလေးအိမ်မလှမ်းမကမ်းတွင် ကားရပ်ပြီးယုန်မလေးကို မြင်ဖူးခွင့်ရရုံ သွားစောင့်နေမိသည်။

ဒီလမ်းထဲတွင် ကျွန်တော့်သူငယ်ချင်းရှိတာမို့ ၎င်းတို့ အိမ်မလှမ်းမကမ်းတွင် ကားရပ်ထားခဲ့ပြီး လူကတော့ ယုန်မလေး၏အိမ်နားရှိ သစ်ပင်အောင်တွင် ယုန်မလေးကို မြင်ရနိုးဖြင့် စောင့်ကြည့်နေမိသည်။

ရွှေသွေးအောင်၏ကား ယုန်မလေးတို့မြေညီထပ်ရှေ့ ရပ်လာသဖြင့် သစ်ပင်နှင့်ကွယ်ရပ်လိုက်ကာ ယုန်မလေးကိုမြင်ရတော့မလားဟု ရင်ခုန်လာသည်။ ရွှေသွေးအောင် ယုန်မလေးအိမ်ရှေ့ကားရပ်ပြီးဟွန်းသံပေးတာ ယုန်မလေးကိုမခေါ်လို့ ဘယ်သူ့ခေါ်မလဲဟုတွေးမိရင်း ယုန်မလေးကိုမြင်ရတော့မှာမို့ စိတ်ပျော်ရွှင်မိသည်။

ဆင်းလာပါပြီ။ အဖြူအစိမ်း ဆရာမအ၀တ်အစားနှင့်၊ ဆံထုံးပုံ့ပုံ့လေး အနောက်တွင် ထုံးထားသည်။ ကြိမ်ခြင်းတောင်းငယ်အား လက်တစ်ဖက်မှဆွဲကာ ဣနြေ္ဒရရလေးလှနေသော ဖြူဖြူပါးပါးမိန်းမငယ်လေး ရွှေသွေးအောင်ကားရှေ့ခန်းတွင် ၀င်ထိုင်လိုက်သည်အထိ သူမအလှတွင်ကျွန်တော် မင်သက်နေမိသည်။

ကားထွက်သွားတော့မှ ကျွန်တော့်ကားရပ်ထားသော ကျွန်တော့်သူငယ်ချင်းအိမ်သို့ဝင်လည်ကာ ယုန်မလေးအကြောင်း သိချင်စိတ်ဖြင့် စနည်းနာမိသည်။ ကျွန်တော့်သူငယ်ချင်းများက တစ်လမ်းတည်းနေသူချင်းမို့ တောင်ကြီးမှ ရန်ကုန်သို့ Posting ကျကာ မူလတန်းပြဆရာမတာဝန်ဖြင့် ယုန်မလေးယခုတိုက်ခန်းအား ပြောင်းရွှေ့လာသည်မှစ၍ ကျွန်တော့်အစ်ကို ရွှေသွေးအောင်ဖြင့်တွဲနေသည့် သတင်းကိုရင်နာစွာဖြင့် ကျွန်တော်သိခဲ့ရသည်။ ကျွန်တော့်သူငယ်ချင်းများက ကျွန်တော့်အစ်ကိုရှုပ်မှန်းသိပြီးသားမို့ အေးဆေးရိုးသားပုံရသည့် ယုန်မလေးကို သနားကရုဏာသက်နေကြသည်။

ဘယ်ဘ၀ကကျိန်စာ ကျွန်တော်မိထားခဲ့ပါသလဲ။ ကျွန်တော်ချစ်သောသူကို ကျွန်တော်သိကျွမ်းခွင့် မရှိမီကပင် ကျွန်တော့်အစ်ကို၏ရည်းစားအဖြစ် ရှိနှင့်လေပြီ။ ညီအစ်ကိုရင်းမို့ ကျွန်တော့်အစ်ကိုအကြောင်း ကျွန်တော်ပိုသိသည်။ ကျွန်တော့်အစ်ကိုက ပန်းတစ်ပွင့်ကို ခူးပြီးနမ်းရုံဖြင့် ကျေနပ်တတ်သူမဟုတ်။ ထိုပန်းနွမ်းပြီး ကြွေသွားအောင်ချွေပြီးမှ သူမဟုတ်သလို ထားပစ်ခဲ့တတ်သူ။

ကလေးဘ၀မှစကတည်းက ထိုအကျင့်အားမုန်တီးစွာ ကျွန်တော်နှင့် ကျွန်တော့်အစ်ကိုစရိုက် ပြောင်းပြန်ဖြစ်လာခဲ့သည်ပဲ။

ယုန်မလေးအတွက် ကျွန်တော်စိုးရိမ်မိသည်။ ဆရာမဆိုသည့် ဣနြေ္ဒသိက္ခာအောက်တွင် နဂိုရိုးစင်းပုံရှိလှသည့် ယုန်မလေးကို စိတ်မဆင်းရဲစေချင်။ ယုန်မလေးဣနြေ္ဒသိက္ခာ မညစ်နွမ်းသွားစေချင်။ မည်သူ့စကားမှ ပြန်မပြောနားမထောင်လုပ်တတ်သည့် ရွှေသွေးအောင်၏ အကျင့်ကိုသိနေတာမို့ ယုန်မလေးကို ဘယ်လိုကာကွယ်ပေးရပါ့မလဲဟု ကျွန်တော်မတွေးတတ်တော့။ ကျွန်တော့်စိတ်ထဲ စိုးရိမ်စိတ်နဲ့ ပူလောင်လိုက်တာဗျာ။

ယုန်မလေးကို ကျောင်းကြိုကျောင်းပို့တာဝန် တရားဝင်ကျွန်တော်မရပေမယ့် ရွှေသွေးအောင်နှင့် ယုန်မလေးမသိအောင် ကျွန်တော်ယုန်မလေးကျောင်းတက်၊ ကျောင်းဆင်းချိန်တိုင်း ယုန်မလေးကို လာငေးခဲ့မိပါသည်။

တစ်နေ့ ယုန်မလေးကျောင်းဆင်းချိန်တွင် ရွှေသွေးအောင်ရောက်မလာသဖြင့် သူမကားရပ်စောင့်ရာ မလှမ်းမကမ်းသို့ ကျွန်တော့်ကား ခပ်ဖြည်းဖြည့်မောင်းလာပြီး ကားထဲမှသူမကို ငေးနေမိသည်။

ယခင်က အဝေးမှ မသဲမကွဲမြင်ဖူးတာမို့ ယခုခပ်နီးနီးမြင်ရသောအခါ ကျက်သရေရှိလှသော ယုန်မလေး၏ အလှဂုဏ်၊ အေးဆေးတည်ငြိမ်သည့် ဂုဏ်များ သူမကိုမြင်ရုံဖြင့် ခံစားလာရသည်။ ဆံထုံးဖြင့် တည်ငြိမ်အေးချမ်းလွန်း၍သာ ဆရာမဟုသိနိုင်ပေမယ့် ဆံထုံးသာဖြုတ်လိုက်ပါက နုငယ်အပြစ်ကင်းစင်လှသည့် ယုန်မလေးမှာ အထက်တန်းကျောင်းသူနှင့် မှားလောက်အောင် ဖြူစင်စွာလှလွန်းသူဖြစ်သည်။

ကျောင်းလာကြိုသည့်ကားများ အတော်ရှင်းရှင်းရှိသွားသည်အထိ ရောက်မလာသော ရွှေသွေးအောင်ကြောင့် မျက်နှာပျက်လုလုဖြစ်နေသည့် ယုန်မလေးကို စိတ်မကောင်းစွာ ကျွန်တော်မြင်နေရသည်။

ကျွန်တော့်အစ်ကိုအကြောင်းသိနေသူမို့ သူယုန်မလေးကို စ၍ရှောင်နေပြီဟု အတတ်သိလိုက်သည်။ သိပ်မကြာခင် ယုန်မလေးရင်ကွဲ ကျန်ခဲ့ရတော့မှာပဲ။ ယုန်မလေးကိုသနားစိတ်ဖြင့် ဘာဖြစ်ဖြစ်ဟုတွေးကာ ယုန်မလေးရပ်နေရာဆီသို့ ကားမောင်းလာခဲ့တော့သည်။

“ကိုရွှေသွေးရဲ့ မိတ်ဆွေမှတ်လား။ ကျွန်တော်က ကိုရွှေသွေးရဲ့ညီ ငွေသွေးအောင်ပါ။ ငှါးကားစောင့်နေတာလား။ ကျွန်တော်လမ်းကြုံလိုက်ပို့ပါရစေ။”

“ရပါတယ်။ ကျွန်မ ကိုရွှေသွေးအောင်ကိုစောင့်နေတာ။ သူလာနေကျ။”

ကျွန်တော်က မသိယောင်ဆောင်ပြောပေမယ့် ရိုးသားသည့်ယုန်မလေးက အစ်ကို့ကို

စောင့်နေကြောင်း ညီကိုပြောပြနေသည်။

“သြော် ကိုရွှေသွေးမအားလို့မလာတာဖြစ်လိမ့်မယ်။ ဒါဆို ကျွန်တော်ပဲ တာဝန်ယူလိုက်ပို့ပေးပါစေ။”

“ဟို..ရပါတယ်။ သူမအားရင်လဲ ကျွန်မ အငှားကားနဲ့ပဲ ပြန်တော့မယ်။ ဒုက္ခမရှာပါနဲ့။”

“ဆရာမကိုတွေ့ပြီး ကျွန်တော့်အစ်ကိုကို စောင့်နေမှန်းသိရက်နဲ့ လိုက်မပို့ခဲ့ရင် ကိုရွှေသွေးကျွန်တော့် ပြောနေပါ့မယ်။ လာပါ…တက်ပါဗျာ။ ကျွန်တော်လိုက်ပို့ပါရစေ။”

ယုန်မလေးကဇွတ်ခေါ်နေသော ကျွန်တော့်ကိုအားနာလာကာ အနောက်ခန်းတွင်ဝင်ထိုင်သည်။မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်ဖြင့် ငိုချင်စိတ်တင်းထားဟန်တူသော ယုန်မလေး၏ မျက်ရည်စိုနေသော မျက်ဝန်းနီများအား နောက်ကြည့်မှန်မှ ခိုးကြည့်နေသည့် ကျွန်တော်မြင်နေရသည်။ တစ်ခါမှအနီးကပ်မမြင်ဖူးသည့် ယုန်မလေးအသားအရေများမှာ ဖြူနုပြီးပန်းနုရောင်ပန်းနေကာ ဆံချည်မျှင် သွေးကြောစိမ်းလေးများအားလည်း မြင်နေရသည်အထိ ယုန်မလေးအသားအရေက နုဖတ်နေသည်။ ယုန်မလေးက ကားကိုလမ်းထိပ်တွင်ပင်ရပ်ပေးပါဟု တောင်းဆိုပြီးဆင်းသွားသည်။

ထို့နောက်ပိုင်းတွင် ကျွန်တော့်အစ်ကိုဖြင့် ယုန်မလေးပြတ်စဲသွားသည့်သတင်း၊ ယုန်မလေးအလုပ်မှနှုတ်ထွက်စာတင်ပြီး နယ်ကိုပြောင်းရွှေ့သွားသည့်သတင်းများ ယုန်မလေးနှင့် တစ်လမ်းတည်းနေ ကျွန်တော့်သူငယ်ချင်းများထံမှ ကျွန်တော် မသိမသာ တီးခေါက်မေးကြည့်ခြင်းဖြင့် သိခဲ့ရသည်။

ရွှေသွေးအောင်က ထုံးစံအတိုင်း နောက်ကောင်မလေးတစ်ယောက်ဖြင့် ပျော်နေနိုင်ပေမယ့် ရိုးသားအေးဆေးလှသည့် ယုန်မလေးဘယ်လောက်တောင် ခံစားနေရလဲ။ ကျွန်တော်ချစ်သော ယုန်မလေးအတွက် ကျွန်တော်ဘာမှ လုပ်ပေးခွင့်မရှိပါလား။

အကယ်၍…..အကယ်၍များ ယုန်မလေးကလက်ခံခဲ့လျှင်ဖြင့် ကျွန်တော် ယုန်မလေးကို ကာကွယ်စောင့်ရှောက်သွားခွင့်ရချင်သည်။ အစ်ကို၏ချစ်သူဖြစ်ခဲ့ဖူးသူ ယုန်မလေးက ချစ်သူ၏ညီဖြစ်သူ ကျွန်တော့်အားဘယ်လိုမှ လက်မခံနိုင်ဘူးဆိုတာလဲ ကျွန်တော်သိသည်။

တချို့ ကောင်မလေးတွေက အရွဲ့တိုက်ပြီးလက်ခံနိုင်ပေမယ့် ကျွန်တော့်ယုန်မလေးက အလွန်သိမ်မွေ့ အေးဆေးလွန်းသူလေးမို့ ညီဖြစ်သူ၏ကားကိုတောင် အိမ်ရှေ့ထိစီးပြီး မဆင်းဝံ့ခဲ့သူ။ ကျွန်တော့် နှလုံးသားရေးရာက စခွင့်မရခဲ့ဘဲ အဆုံးသတ်ခံခဲ့ရသည်။ ကျွန်တော့် နှလုံးသားလဲ ယုန်မလေးအတွက် ကွဲအက်ကြေခဲ့ပြီ။

ဘယ်ဝဋ်ကြွေးကြောင့် ယုန်မလေးပျော်အောင်လုပ်ပေးခွင့် ကျွန်တော့်တွင်မရှိရသလဲ။ ကျွန်တော့်ကိုမြင်ရင် စွန့်ပစ်ခဲ့သည့်ချစ်သူကို ပိုပြီးသတိရ၊ ခံစားရမည့် ယုန်မလေး၏ခံစားချက်ကို သိနေသူမို့  ရင်ထဲကသာ ဆက်ချစ်ခွင့်ရှိတော့သည်လား …..

D ၀သုန် (Burmesehearts.com)

You might also like