class="post-thumbnail open-lightbox" href>
မိဘနှင့်သားသမီး ဆန္ဒချင်း အမြဲထပ်တူကျပါ့မလား
ကျွန်မတို့ ငယ်ငယ်တုန်းက ကိုယ်ဘာဖြစ်ချင်တာလဲ တွေးကြည့်မိဖို့ထက် ကိုယ့်အုပ်ထိန်းသူက ကိုယ့်ကို ဘာဖြစ်စေချင်တာလဲဆိုတာကို လိုက်လုပ်ခဲ့ရတဲ့သူတွေများပါတယ်။
သူတို့မျှော်လင့်ထားတဲ့ အတိုင်းအတာအထိ မလုပ်နိုင်ဘဲ၊ ကိုယ့်လုပ်နိုင်တဲ့ အတိုင်းအတာလဲ ကျော်သွားပြီး ကိုယ်မလုပ်ချင်တဲ့ အရာချည်း လုပ်နေရပါက ဘေးချော်ထွက်သွားတတ်ပါတယ်။ သဘောက ဖြစ်ချင်ရာဖြစ်လုပ်ရင်း ပျက်စီးသွားတတ်ကြတဲ့ သဘောပါ။
လုပ်ချင်ရာမဖြစ်ဘဲ မဖြစ်ချင်တာ လုပ်နေရတော့ သည်းမခံနိုင်တဲ့အဆုံး ဖြစ်ချင်ရာဖြစ်ဆိုပြီး ဇွတ်လုပ်သွားတဲ့ ဥာဏ်ထက်မြက်သူတွေ၊ လူတော်လူကောင်းတွေ ပျက်စီးသွားခဲ့တာ၊ လမ်းမှားသွားခဲ့တာတွေလဲ ခေတ်အဆက်ဆက် မြင်ဖူးကြမှာပါ။
တကယ်တော့ ဒီလို လူတော်လေးတွေ မတော်တရော် ဖြစ်သွားရတဲ့ အဓိက တရားခံက အုပ်ထိန်းသူတွေ မကောင်းခဲ့လို့ဘဲ အပြစ်ဆိုရမလိုပါ။
ကလေးဆိုတာမျိုးက အတုမြင် အတတ်သင်တတ်ပါတယ်။ ဒီတော့ ဒီလို သင်ယူနေတတ်တဲ့ ကလေးရဲ့ နေ့စဉ်ကျင်လည်ရတဲ့ အသိုင်းဝန်းဟာ ဒီကလေးရဲ့ စိတ်ဓာတ်အတွေးအခေါ်ကို အရောင်ဆိုးပစ်လိုက်ကြတာ များပါတယ်။
သူ့ပါရမီလေးနဲ့၊ သူ့အတွေးခေါ်လေးနဲ့၊ သူ့ရင့်ကျက်မှုလေးနဲ့ ထိန်းထိန်းသိမ်းသိမ်းနေတတ်တဲ့၊ သတိရှိတဲ့ကလေးတွေသာ အုပ်ထိန်းသူက လမ်းမှားသွားနေလဲ လမ်းမှားကို လမ်းမှားမှန်းသိလို့ လမ်းမှန်ကို ကိုယ့်ဘာသာသွားရင်း လမ်းမှန်ရောက်သွားကြတဲ့ ကလေးတွေလဲ တွေ့ရပါတယ်။
မိဘက အရက်သမား၊ ဖဲသမား၊ မကောင်းတာတွေ လုပ်ကိုင်စားသောက်ပြီး စာရတ္တပျက်ပြားနေပေမယ့် အဲဒီမိသားစုထဲကမှ ထွန်းပေါက်အောင်မြင် ထူးချွန်လိမ္မာတဲ့ ကလေးငယ်တွေလဲ ရှိတတ်ပါတယ်။ ဒါဟာ သူ့ကို ပဲ့ပြင်ပေးတဲ့သူရှိရင်ရှိ၊ မရှိရင် ကိုယ့်ဘာသာ လေ့လာပဲ့ပြင်ခဲ့လို့ပါပဲ။
မိဘတွေရဲ့ ကိုယ့်သားသမီးကို ကောင်းစေချင်တဲ့ အတ္တနဲ့ ဆန္ဒကလဲ ကိုယ့်သားသမီးတွေကို ၀န်ထုတ်ဝန်ပိုး မဖြစ်စေဖို့ လိုပါတယ်။ တစ်လီတာပဲ ဆန့်တဲ့ဗူးထဲ နှစ်လီတာ အတင်းစွတ်ထည့်ရင် မ၀င်တဲ့အပြင် ဖိတ်စင်ကုန်လို့ ဆုံးရှုံးသွားတာပဲ အဖတ်တင်ပါလိမ့်မယ်။
ကိုယ့်သားသမီးကို ဘယ်လောက်ဖြစ်စေချင်ချင် ဒီဘက်မှာ ဒီ့ထက်ပိုပြီး မဖြစ်လာရင် အတင်းအကျပ် မရမက မဖြစ်ဖြစ်အောင် လုပ်လာခဲ့ရင် ကိုယ့်သားသမီး ကိုယ်ညှဉ်းပန်းရာ ကျနေပါမယ်။ ကလေးက ဒီ့ထက် ပိုမလုပ်နိုင်တဲ့အခါ လုပ်ချင်ရာလုပ်သွားတော့မှ ကိုယ်ပဲ ရင်ကျိုးရပါလိမ့်မယ်။
လူတိုင်းမှာ သူ့အရည်အချင်းနဲ့သူ၊ သူ့ပါရမီနဲ့သူ၊ သူထူးချွန်မှုနဲ့သူ ရှိကြပါတယ်။ ဒါပေမယ့် သူဘယ်မှာ ထူးချွန်နေလဲဆိုတာ အနီးကပ်ရှိနေတဲ့၊ သူ့ကို အုပ်ထိန်းပေးတဲ့သူက အဓိက အကဲဖြတ်ပေးရမှာပါ။ သားသမီးကောင်းစားစေချင်တယ်ဆိုတာ ပညာတတ်ကြီးဖြစ်မှ သားသမီးကောင်းစားတယ်လို့ ယူဆတဲ့ မိဘတွေကို ကျွန်မ ဒီနေရာကနေ အနူးအညွတ် တောင်းပန်လိုက်ပါတယ်။ ကျေးဇူးပြုပြီး သားသမီးကို အတင်း ပညာတတ်ဖြစ်မှဆိုတာကြီး ဇွတ်သွင်းမလုပ်ကြပါနဲ့။
ပညာတတ်ကြီးဖြစ်တော့ ဂုဏ်ရှိတာပေါ့။ သားသမီးလဲဂုဏ်ရှိသလို၊ မိဘဆွေမျိုးတွေလဲ ဂုဏ်တက်တာမှန်ပါတယ်။ ဒါဆို ပညာဘက်မှာ မထူးချွန်ခဲ့တဲ့ ရုပ်ရှင်၊ သဘင်၊ ဂီတ၊ အကျော်အမော်တွေရဲ့ မိဘဆွေမျိုးတွေက ဂုဏ်မရှိတော့ဘူးလား။
ပညာဘက်မှာ မထူးချွန်၊ ဘွဲ့မရခဲ့ပေမယ့် စီးပွားရေးမှာ နပ်နပ်ကလေး လုပ်ကိုင်စားပြီး ကြီးပွားတိုးတက်နေတဲ့ စီးပွားရေးသမားတွေရဲ့ မိဘဆွေမျိုးတွေကကော ဂုဏ်မရှိဘူးလား။
ပညာဘက်မှာ အားမသာခဲ့တဲ့ အားကစားထူးချွန်သူတွေ၊ အိုင်တီထူးချွန်သူတွေ၊ ခြေဖျား လက်ဖျားဒေါ်လာသီးနေသူတွေ၊ သူတို့တွေရဲ့ မိဘဆွေမျိုးတွေကကော ဂုဏ်မရှိတော့ဘူးလား။
တကယ်ဆို ကိုယ့်သားသမီး သူပျော်ရာလုပ်ကိုင်ရင်း သူ့ဘ၀သူ အောင်အောင်မြင်မြင်၊ ကျေကျေနပ်နပ် ဖြစ်နေရင် ကိုယ်ကကော ဘာကြောင့် မကျေနပ်နိုင်ရပါသလဲ။ အဓိက က ကိုယ်မလုပ်ကိုင်၊ မထောက်ပံ့နိုင်တဲ့ အရွယ်မရောက်ခင်၊ ကိုယ်မျက်စိမှိတ်မသွားခင် သူ့ခြေထောက်ပေါ်သူရပ်၊ သူ့ဘ၀သူကောင်းကောင်း ထိန်းကွပ်အောင်မြင်သွားရင် ကျေနပ်သင့်တယ် မဟုတ်ဘူးလား။
အမှုန် (Burmesehearts.com)