COVID-19 မှ ပေးသောတရား

0

သေစကားပြောရင် မပြောကောင်းပြောကောင်းဆိုပြီး စကားပိတ်တတ်ကြတဲ့သူတွေ လူဆိုတာ မွေးလာပြီးတဲ့နောက် တနေ့သေရမယ်ဆိုတာ မေ့ထားကြတယ်။ အဲဒီတနေ့ဟာ ကိုယ့်ဆီရောက်ဖို့ အဝေးကြီးလိုသေးတယ်ဆိုပြီး ကျင်လည်ရာပတ်ဝန်းကျင်မှာ အခက်အခဲတွေကို ရုန်းကန်ရင်း ၊ လောဘ ၊ မောဟ ၊ ဒေါသတွေနဲ့ အသားကျရင်း အဲဒီသေခြင်းတရားကို ဇွတ်မေ့ထားကြတာ။

ဘုန်းတော်ကြီးတွေရဲ့ တရားကောင်းတွေနာလိုက်တဲ့အခါ အခိုက်အတန့်လေး တရားရသလိုလိုနဲ့ လမ်း (သို့မဟုတ်) အိမ်ရောက်တာနဲ့ မှတ်သားနာယူထားသမျှ ဖျော့တော့ မေ့ပျောက်နေရင်း ကိုယ့်ဘဝမှာ ကိုယ်လိုချင်တာတွေရဖို့ ကြိုးစားရင်း အချိန်တွေကုန်ကြတယ်။

COVID-19 ရုတ်တရက် ပေါ်လာတော့ တကမ္ဘာလုံးအတိုင်းအတာနဲ့ မအိုခင် နာကြ ၊ သေကြရတယ်နော်။ ငယ်သေးပေမယ့်လည်း ရောဂါဖြစ်တတ်တာပဲ။ လူငယ်လည်းဖြစ် ၊ လူလတ်လည်းဖြစ် ၊ လူကြီးလည်းဖြစ် ၊ အယုတ် ၊ အလတ် ၊ အမြတ်မရွေး ဖြစ်ကြတယ်နော်။ ဆင်းရဲသူဖြစ်ဖြစ် ၊ ချမ်းသာသူဖြစ်ဖြစ် ရောဂါမဖြစ်အောင် ငွေနဲ့လာဘ်ထိုးလို့မရဘူး။ အာဏာနဲ့ တားမြစ်လို့မရဘူး။ သတိတရားကပဲ ကူကယ်ရာရှိတယ်။ ဘာထိထိ ၊ ဘာကိုင်ကိုင် သတိထား လက်ဆေးဖို့ ၊ ဘယ်သွားသွား သတိထား နှာခေါင်းစည်းလေးတွေနဲ့ ကာကွယ်ထားဖို့ သြော် အခုမှ သတိဆိုတာ ပိုတယ်မရှိဘူးလို့ ပိုသိလာကြတယ်။ ဒါဟာ အမြတ်ပဲ။

ရုံးတွေ ၊ ကျောင်းတွေပိတ် ၊ ပြည်ပ ခရီးသွားလာခွင့်တွေပိတ် ၊ ပြည်တွင်းခရီးသွားလာခွင့်တွေ ကန့်သတ် ၊ ညမထွက်ရအမိန့်တွေ ၊ ဟိုသွားဒီလာ ကန့်သတ်အမိန့်တွေနဲ့ ပျော်ပွဲရွှင်ပွဲတွေကိုတောင် မိသားစု မိတ်ဆွေအပေါင်းအသင်းတွေနဲ့ မပျော်ရဲတော့တဲ့အဖြစ် ။ ချောင်းလေးဟန့် ၊ နှာလေးချေ ၊ နေမကောင်းချင်သလို ဖြစ်တာနဲ့ မိမိအပါအဝင် ပတ်ဝန်းကျင်က သံသယမျက်လုံးတွေနဲ့ ကြည့်ကြမယ်။ ဒီ့ထက်ဆိုးလာရင် အပယ်ခံရတော့တယ်။

သံသယလူနာဖြစ်လာရင် မိမိချစ်တဲ့သူတွေကို ခွဲခွါပြီး နေထိုင်ကြရတယ်။ စိတ်ဓါတ်တွေကျကြတယ်။ မျက်ရည်တွေကျကြတယ်။ အပြန်လမ်းရှိပါ့မလားဆိုတဲ့ သံသယစိတ်နဲ့ ဝမ်းနည်းစိတ်တွေကို ပိုက်ပြီး စောင့်ကြည့်ကာလဆိုတာကြီးကို ကျော်ဖြတ်ကြရတယ်။ ဒါဟာ ချစ်တဲ့သူတွေနဲ့ ခဏတာ ခွဲခွါရခြင်း ၊ မခွဲချင်ဘဲ ရွေးချယ်ခွင့်မရှိ ခွဲခွါရတော့တယ်။ ဘာသာမရွေး ၊ လူမျိုးမရွေး ဒီကပ်ကြီးကို ရင်ဆိုင်ကြရတယ်။ ဘယ်အချိန်ပြီးဆုံးမယ်မသိတဲ့ ဒီကပ်ကြီးထဲ စိုးရိမ်စိတ်တွေ ၊ ကြောက်ရွံ့စိတ်တွေနဲ့ တနေ့တနေ့ ကျော်ဖြတ်ကြရတယ်။

ကျွန်မကတော့ ဒီလိုအချိန်တွေကို တန်ဖိုးရှိတဲ့အချိန်တွေလို့ သုံးနှုန်းရင် ကျွန်မကို ဂေါက်သွားပြီလား ထင်ကြမယ်။ အပြင်ထွက်ခွင့်မရတော့ မိသားစုရှိတဲ့သူတွေက ကိုယ့်မိသားစုကို ပိုအချိန်ပေးလို့ရတယ်။ အိမ်ကအလုပ်ဆင်းရသူတွေက နေအိမ်မှာပဲ အလုပ်လုပ်ရတာမို့ အလုပ်သွားချိန် ၊ အလုပ်ပြန်ချိန်တွေ အပိုထွက်လာတယ်။ ဒီအချိန်လေးတွေမှာ ကိုယ့်မိသားစုနဲ့ စကားစမြည်ပြောတာ ၊ ပျော်ရွှင်စွာစနောက်ရင်း နေထိုင်ခွင့်တွေရှိလာတယ်။ အိမ်ရှင်မတွေဆို ဒီလိုပိုထွက်လာတဲ့ အချိန်တွေမှာ မိသားစုအတွက် စားကောင်းဖွယ်ရာတွေ ချက်ပြုတ်ကျွေးဖို့အချိန်ဆိုတာရယ် ၊ သားသမီးကို ပုံပြင်ပြောပြရင်း သူတို့ပြောချင်တာတွေ နားထောင်ပေးဖို့ အချိန်ထွက်လာတယ်။

သက်ကြီးရွယ်အိုမိဘ အိမ်မှာရှိတဲ့သူတွေဆိုရင် အပြင်လည်ပတ်ခွင့်တွေ ပိတ်ထားတော့ ဒီအချိန်တွေမှာ အိမ်က မိအိုဖအိုကို ပိုအချိန်ပေးလို့ရတယ်။ ဇနီးအိမ်မှာ ဘာတွေလုပ်ရင်း အချိန်ကုန်သွားတယ်ဆိုတာ အိမ်မှာအလုပ်လုပ်နေတဲ့ ခင်ပွန်းက မျက်မြင်တွေ့ရှိပြီး ဇနီးအိမ်ကိစ္စ ၊ သားသမီးတာဝန်တွေနဲ့ အနားမရတာ ပိုနားလည်လာမယ်။ ခင်ပွန်းရဲ့အလုပ်တာဝန် ဘယ်လိုလုပ်ကိုင်ရတယ်ဆိုတာလည်း ဇနီးနဲ့ သားသမီးတွေ မျက်မြင်တွေ့ခွင့်ရှိမယ်။ တစ်ဦးနဲ့တစ်ဦး အပြန်အလှန် နားလည်မှုတွေ ၊ ဖေးမမှုတွေ ၊ ချစ်ခင်မှုတွေ တိုးလာဖို့ အခွင့်အရေးကောင်းလို့ ကျွန်မမြင်တယ်။

ဒီကပ်ရောဂါကြီးမတိုင်ခင်က အပြင်မှာပဲ အလုပ်ရှုပ်နေကြတော့ အနီးကပ်ရှိနေသူတွေကို ဂရုစိုက်ဖို့ အချိန်သိပ်မရှိဘူး။ ရှိတဲ့အချိန်လေးမှာ ဂရုစိုက်နိုင်မယ့် စိတ်ခွန်အားတွေက အလုပ်ကစိတ်ဖိစီးမှုတွေနဲ့ ပျောက်နေတာများတယ်။ ခုတော့ ကိုယ့်အနားရှိနေတဲ့သူတွေကို ပိုသတိထားမိလာတဲ့အချိန်မျိုးမို့ ကိုယ့်အနားရှိနေသူတွေဟာ ကိုယ့်ဘဝအတွက် တကယ်အရေးပါတဲ့သူတွေလို့ သဘောပေါက်ပြီး သူတို့ကို ပိုလို့ အချိန်ပေးဖြစ်တာ ၊ မေတ္တာပေးဖြစ်တာ ၊ နားလည်ဖေးမမှု ၊ နွေးထွေးမှုတွေပေးဖြစ်တာ ဘယ်လောက်တန်ဖိုးရှိလိုက်တဲ့အချိန်တွေလဲ။ ရောဂါမဖြစ်သေးခင် ဒီလိုအချိန်လေးပဲ ဒီလိုအခွင့်အရေး လက်ဝယ်ရရှိထားတာ။ သံသယနဲ့ စောင့်ကြည့်လူနာဖြစ်ပြီဆိုရင် ရက်ပိုင်း ၊ လပိုင်းလောက် အနည်းလေးခွဲရတော့မှာလေ။

ဒီလိုအချိန်မျိုးမှာ ကိုယ်ဖတ်ချင်တဲ့ စာအုပ်ကောင်းတွေ ဖတ်ဖို့အချိန်ထွက်လာတယ်။ ကိုယ်လေ့လာချင်တာတွေကို အွန်လိုင်းကနေတဆင့် လေ့လာခွင့်ရတဲ့ အချိန်တွေလည်း ပိုထွက်လာမယ်။ ကျန်းမာရေးဆိုတာ လူ့ဘဝမှာ ဘယ်လောက်အရေးကြီးတယ်ဆိုတာ ဒီကပ်ရောဂါက မီးမောင်းထိုးပြနေတာမို့ လူ့ဘဝဟာ ကျန်းမာအသက်ရှင်နေတုန်းသာ ကိုယ်လုပ်ချင်တာတွေ လုပ်ဖို့အခွင့်အရေးရထားတယ်ဆိုတာ ပိုသိလာတယ်။

ဒီလိုကာလမှာ အရာရာကို မကျေမနပ်ဖြစ်ပြီး ဖြစ်လာတဲ့အခြေအနေတွေနဲ့ လူတွေအပေါ် အပြစ်တင်နေမယ့်အစား လောဘ ၊ ဒေါသ ၊ မောဟ နည်းနိုင်သမျှ နည်းနည်းနဲ့ ကိုယ့်အနားရှိတဲ့သူတွေကို ရတဲ့အချိန်နဲ့ အခွင့်အရေးတွေကို ကောင်းကောင်း အသုံးချလို့ ဘဝမှာ အချိန်တွေကို တန်ဖိုးရှိရှိ အသုံးချသွားမယ်ဆိုရင် ဘယ်လိုအခြေအနေမျိုးကြုံကြုံ နောင်တကင်းကင်းနဲ့ ရင်ဆိုင်သွားနိုင်မှာပါ။ အားလုံးကျန်းမာလို့ စိတ်ချမ်းသာ ပျော်ရွှင်စွာနဲ့ ဒီရောဂါကပ်ဆိုးကြီးကို ကျော်လွှားနိုင်ကြဖို့ ဆုမွန်ကောင်းတောင်းရင်း …..

ရတု (Burmesehearts.com)

You might also like