July မိုး

0

July လ၏ နေ့လည်(၁)နာရီလောက်မှာ အပြင်ဘက်ဆီမှ သည်းသည်းထန်ထန်ရွာနေသော မိုးသံ၊အိပ်ယာဘေးစားပွဲခုံပုလေးမှ စိတ်ကူးယဉ်ဖွယ် အခန်းမီးရောင်လေးမမှိန်တမှိန်၊ နှစ်ယောက်အိပ်ခုတင်ကြီးက အိစက်ညက်ညောလို့။ အဖြူရောင်စောင်ထူထူကို အတူတူဆွဲခြုံထားတဲ့ စုံတွဲလေးတစ်တွဲက ဆိတ်ငြိမ်သောရင်ခုန်ခြင်းကို အတူတူခံစားရင်း တစ်ဦးနှင့်တစ်ဦး ခုတင်ကြီးပေါ်မှာ မက်မပြေစွာ ပွေဖက်ထားသည်။

ကောင်လေးက ကောင်မလေးကို လက်တဖက်ကလှမ်းဖက်ထားရင်း နောက်တစ်ဖက်က ကောင်မလေး၏ဆံနွယ်စများကို ပွတ်သပ်ကြည်စယ်နေသလို ကောင်မလေးကလည်း ကောင်လေးလည်ပင်းကို လက်တစ်ဖက်ကသိုင်းဖက်ထားရင်း နောက်တစ်ဖက်က ကောင်လေးမျက်နှာကို ဖွဖွတို့ထိပြီးကစားနေသည်။ သူတို့နှစ်ယောက်အဖို့ ကမ္ဘာကြီးကရပ်နေသလို အရာရာမေ့လို့နေသည်။

“ကို….ပျော်လား။”

“အင်း”

“ကို့ကိုတစ်ခုမေးမလို့။ ကိုနဲ့ မဆွေးနွေးဖြစ်သေးလို့”

“ဘာလဲ….မေးလေ”

“ဒီကိစ္စက ဆွေးနွေးထားသင့်တယ်လို့ ဖြူထင်လို့”

“အေးပါ မေးပါဆို ကွန့်နေပြန်ပြီ။”

ကောင်းလေးကကောင်မလေးကို ချစ်စနိုးနှင့် စိတ်မရှည်သလိုမေးသည်။ကောင်မလေးကမေးဖို့ မ၀ံ့မရဲတွန့်ဆုတ်နေဟန်

“ဟိုလေ….ဖြူတို့နှစ်ယောက် ဘယ်တော့လောက် လက်ထပ်ကြမယ်လို့ စိတ်ကူးသလဲလို့။”

ကောင်မလေးဆံပင်ကို ပွတ်သပ်ပေးနေတဲ့ ကောင်လေးလက် ရပ်တန့်သွားပြီး စိတ်အနှောင့်အယှက်ဖြစ်သွားဟန် မျက်နှာမှုန်သွားသည်။

“ကိုယ်အမှန်အတိုင်းပြောရရင် ကိုယ့်စိတ်ထဲ ဘယ်တော့ရယ်လို့ ရည်ရွယ်သတ်မှတ်မထားသေးဘူး။ ဖြူကရော ဘယ်လိုသဘောရလို့လဲ။ ဘာစိတ်ကူးပေါက်လို့မေးတာလဲ။”

“တွေးမိတာပါ။ ဖြူကတော့ တစ်နှစ်အတွင်း နှစ်ဖက်မိဘ အသိပေးပြီးယူမလားလို့။ ကြာရင်သွေးအေးပြီး မကောင်းတော့ဘူးလို့ထင်တယ်။ ဖြူက သမီးရည်းစားတွေအကြာကြီးတွဲတာမကြိုက်ဘူး။ အကြာကြီးတွဲပြီး ကွဲသွားမှာဖြူမလိုလားဘူး။ ကိုကဖြူ့ရဲ့ ရည်းစားဦးလေ။ ကိုနဲ့ကွဲသွားမှာဖြူမခံစားနိုင်ဘူး။”

“ကိုယ့်အတွက် ဖြူကလဲရည်းစားဦးဆိုတာ ဖြူသိသားပဲ။ ဒါပေမယ့် ကိုယ်က ဖြူနဲ့သုံးနှစ်လောက်တွဲကြည့်မယ်။ အဆင်ပြေရင်ဆက်တွဲမယ်။ ယူရင်လဲယူမယ်။ ဒီလောက်ပဲတွေးထားတာ။”

ထိုစကားကြောင့် ရုတ်ခနဲ ကောင်လေးရင်ခွင်ထဲက ကောင်မလေးထွက်ကာ ကောင်လေးကို အံ့သြသလိုကြည့်သည်။

“ယူရင်လဲယူမယ်ဆိုတာ ဘာအဓိပ္ပါယ်လဲ။ ဒီအခြေအနေရောက်ပြီးမှ သုံးနှစ်တွဲကြည့်မယ်ဆိုတာ ဘာသဘောလဲ ကို။”

“ဒီအခြေအနေရောက်ပြီးမှလို့ပြောရအောင် ကိုယ်တို့ကဘာဖြစ်သေးလို့လဲ။ ဘာမှမဖြစ်ကြသေးတာ ဖြူလဲအသိပဲ။”

“ဘုရားမလို့ ဘာမှမဖြစ်သေးခင် ကို့သဘောထားသိရတာ ဖြူကံကောင်းတာပေါ့။ ဒါတောင် ဖြူ့ရဲ့အရှက်တော့ ကုန်သွားပြီ။ ဖြူလက်ထပ်တဲ့နေ့မှ ဖြူ့ခင်ပွန်းမြင်ရမှာ။ ခုတော့ ဖြူကကို့ကိုယုံလို့၊ ချစ်လို့ ပုံအပ်ခဲ့တာ။”

ကောင်မလေးကပြောရင်း ရှိုက်သံပါလာကာ တရှုံ့ရှုံ့ငိုတော့သည်။ ကောင်လေးက ဘေးမှရေချိုးခန်းသုံးသဘက်ကြီးကို ပတ်ထလိုက်ပြီး ကောင်မလေးကို စိတ်ညစ်ညူးစွာ ခုတင်ဘေးမှ ရပ်ကြည့်သည်။

“ဒီလိုမြင်တာများ ဘာထူးဆန်းလို့လဲ။ မိန်းမတိုင်းဒါပဲ။ ဘာမှ မထူးဆန်းဘူး။ နောက်ဆုံး အတူနေဖြစ်သွားတော့ရော ဘာဖြစ်လဲ။ ဒီလိုပဲ အတူနေပြီးကွဲသွားတဲ့စုံတွဲတွေမှ အများကြီး။”

“ဘာဖြစ်ရမလဲ။ ဗိုက်ကြီးသွားမှာပေါ့။ ကလေးရသွားတော့ ဘယ်လိုလုပ်မလဲ။”

“ဖြူ့ကို အတူနေတာနဲ့ ကလေးရမယ်လို့ ဘယ်သူပြောလဲ။ ဗဟုသုတကလဲနည်းလိုက်တာ။ ပြီးတော့ ကိုယ်က ဒီကိစ္စကို အငမ်းမရဖြစ်နေတဲ့ကောင်လဲမဟုတ်ဘူး။ ကိုယ်သာဒီကိစ္စကို အဓိကထားရင် ဖြူအပျိုရည်ပျက်သွားတာကြာပြီ။”

“သွား ဘာမှလာမပြောနဲ့။ မကြားချင်ဘူး။ ကိုနဲ့ မတွဲနိုင်တော့ဘူး။ ဖြူတို့ ဒီကပြန်တာနဲ့ ပြတ်ပြီ။”

ကောင်မလေးက အော်ပြောရင်း ခေါင်းအုန်းပေါ်မှောက်ပြီး တဟီးဟီးငိုနေတော့သည်။ ကောင်လေးက ခုတင်နားမှလှည့်ထွက်သွားကာ ဘန်ဂလိုအနောက်ဘက်ပေါက်ဝတွင် ကြမ်းပေါ်ငုတ်တုတ်ထိုင်ချပြီး ဒူးပေါ်မျက်နှာ မှောက်ချထားသည်။ ကောင်မလေးဆီမှ တချက်ချက်ပျံ့လွင့်လာသော ရှိုက်သံမှလွဲလျှင် အခန်းကတိတ်ဆိတ်နေသည်။ ဤအခြေအနေဖြင့် နာရီအတော်ကြာရှိနေရာမှ ကောင်မလေးက စားပွဲတွင်ချွတ်ထားသော သူမ၏လက်ပတ်နာရီကို ကြည့်ပြီးကြမ်းပြင်တွင် ပုံကျနေသော သူမ၏အ၀တ်အစားများကို ပြန်ဝတ်သည်။ ၀တ်ရင်းထပ်ငိုလိုက်၊ ခဏနေ ခေါင်းဖြီးလိုက်ဖြင့် ပြန်ဖို့ပင်အသင့်ဖြစ်နေသည်။

ကောင်မလေးက ကြမ်းပေါ်ငုတ်တုတ်ထိုင်နေသော ကောင်လေးဆီသို့ လျှောက်သွားရင်း ပြန်ကျလာသော မျက်ရည်တို့ကိုသုတ်သည်။

“ကို ပြန်ရအောင်။ အရမ်းမှောင်သွားလိမ့်မယ်။”

ကောင်လေးက တုတ်တုတ်မလှုပ်။

“ကို ပြန်ရအောင်လို့ပြောနေတယ်လေ။ ဒီအတိုင်းထိုင်နေရုံနဲ့ ပြဿနာကပြီးမသွားဘူး။”

“ဒါဆို ကိုယ်တို့ရဲ့ နောက်ဆုံအဖြေက ဘာလဲ။ ပြတ်ပြီလား။”

မော့မေးလာသော ကောင်လေး၏မျက်ဝန်းမှ မျက်ရည်စများကိုမြင်တော့ စီးကျလာသောသူမ၏ မျက်ရည်များကို သုတ်ကာ ဆို့နင့်သောအသံဖြင့်

“ဖြူ သုံးနှစ်တွဲဖို့သဘောမတူနိုင်ဘူး။ ကိုကလဲ တစ်နှစ်အတွင်းမှ ဖြူ့ကို လက်မထပ်နိုင်ရင် မလွန်ကျွံသေးခင် အခုကတည်းက ရပ်လိုက်တာအကောင်းဆုံး။”

“ကိုယ်ဘာမှားလို့လဲ။ ကိုယ်မသေချာဘဲ ဖြူ့ကိုကတိမပေးချင်ဘူး။ ကိုယ်သာ ကျောရရုံကြံချင်ရင် တစ်နှစ်အတွင်းလက်ထပ်မယ်လို့ ဖြူ့စကားအတိုင်းလိုက်ပြောပြီး ကျောရရုံကြံလိုက်လို့ရတာပဲ။ ဒါပေမယ့် ဖြူ့ကို ကိုယ်မလိမ်ဘူး။ အမှန်အတိုင်းပြောခဲ့တာ။”

“ဒီအတွက်ကျေးဇူးတင်ပါတယ်။ ကဲ ပြန်ကြစို့။”

“ဒါ Lesson ပေါ့လေ။ နောက်တစ်ယောက်ထားရင် ဒီလိုအမှန်အတိုင်းပြောလို့ မရမှန်းသိတာပေါ့။”

ကောင်လေးစကားကြောင့် ကောင်မလေးမှာ ကောင်လေးကို ၀မ်းပန်းတနည်းကြည့်ကာ စကားတစ်ခွန်းမှမဆိုတော့။ ဟိုတယ်မှ Check Out လုပ်ပြီး ကောင်လေးက Taxi နောက်ခန်းဘယ်ဘက်တွင်ဝင်ထိုင်ကာ ကောင်မလေးကညာဘက်တွင်ဝင်ထိုင်ပြီး မှန်ထဲမှမြင်ရသည့် အပြင်မြင်ကွင်းကို ကြည့်နေဟန်ဖြင့် မျက်နှာကို တစ်ဖက်သို့လှည့်ထားသည်။ သို့ပေမယ့် မေးစေ့မှ လက်ဖျံပေါ်သို့ကျလာသော ကောင်မလေး၏ မျက်ရည်များက ကောင်မလေးငိုနေမှန်း သက်သေခံနေသည်။

ကောင်လေးက မျက်ရည်စက်များစွန်းနေသော ကောင်မလေး၏ လက်ဖ၀ါးကို လှမ်း၍ဆုပ်သည်။ ဒါကို ကောင်မလေးက မသိမသာရုန်းလိုက်ပြီး ကားမှန်ပေါ်လက်မှေးတင်ကာ တကိုယ်လုံး ကားမှန်ဘက်ခြမ်းသို့လှည့်သွားသည်။ မသိလျှင် ကားမှန်အပြင်မှမြင်ကွင်းများကို သဲသဲမဲမဲငေးကြည့်နေသလို။ သို့ပေမယ့် တသိမ့်သိမ့်တုန်သွားတတ်သည့် ကောင်မလေး၏ကျောပြင်က ကောင်မလေးငိုနေမှန်း သတိထားကြည့်လျှင်သိသည်။

July မိုးကတော့ သူ့ရာသီမှာ သူ့သဘာဝအတိုင်း သဲသဲမဲမဲ ရွာနေသည်။ မိုးဆိုတဲ့အတိုင်း ဘယ်သူရယ်ရယ်၊ ငိုငို သူ့တာဝန်သူကျေအောင် မိုးတွေရွာသွန်းပေးနေသည်။ ဒီ July မိုးရေနှင့်အတူ ကွဲကွာသွားသော ချစ်သူအရေအတွက် ဘယ်လောက်များ ရှိနေမှာပါလဲ။ ကောင်လေးနှင့် ကောင်မလေး တစ်ဦးနှင့်တစ်ဦး တကယ်ချစ်၊ မချစ်ဆိုတာ သူတို့ကိုယ်စီပဲသိကြမှာပါ။ ချစ်လျှက်မကွဲကွာဖူးသော စုံတွဲများကို July မိုးက အသိအမှတ်ပြု သဲသဲမဲမဲရွာသွန်းရင်း………..

ဥသြမေ (Burmesehearts.com)

You might also like